ဓားစင်္ကြာ (စ/ဆုံး)


“အလကားပုလိပ်တွေပါဗျာ၊ ဒီပုံစံအတိုင်းအဂ်လိပ်အရာရှိကြီးတွေ အသတ်ခံရတာဒါပါနဲ့ဆိုရင် သုံးကြိမ်ရှိပြီဗျ။ ကျုပ်သေသေချာချာမှတ်ထားတာ။ လွန်ခဲ့တဲ့ငါးနှစ်ကတစ်ယောက်၊ လွန်ခဲ့တဲ့သုံးနှစ်ကတစ်ယောက်၊ အခုတစ်ယောက်၊ ဘယ်ကလာဘိန်းခန်းနဲ့ပတ်သက်ရမှာတုံးဗျာ။ အရင်အသတ်ခံရတဲ့လူတွေက အရေးပိုင်ကြီးတစ်ယောက်နဲ့စိုက်ပျိုးရေးဝန်ထောက်တစ်ယောက်ပါ။ ဒါပေမယ့်ကျုပ်ကြားတာက အခုသေတဲ့လူရောအရင်ကသေတဲ့နှစ်ယောက်ရော တော်တော်ဆိုးတယ်ဆိုပဲ။ လာဘ်စားတဲ့နေရာမှာရော မိန်းမရှုပ်တဲ့နေရာမှာရော နံပါတ်ဝမ်းတွေတဲ့ဆရာရေ”

“ဟာ..ဟုတ်လားဗျ ဆရာရဲ့”

ဥပစာအပိုင်း(ခ)မှာ သင်တဲ့ဆရာတွေဗျ။ လှေကားတက်ရင်းကျုပ်ရှေ့က ပြောသွားကြတာ။

“ဒါပေမယ့် မျက်နှာဖြူအရာရှိကို ရက်ရက်စက်စက်လည်ပင်းဓားနဲ့လှီးပြီးသတ်ရဲတာတော့အံ့သြသဗျာ”

“ဪ ဆရာရယ် ပိုက်ဆံသာပေးနိုင်လို့ကတော့ လူသတ်ပေးမယ့်ကြေးစားတွေ အပုံပါဗျာ”

“ဒါတော့ ဒါပေါ့ဗျာ၊ ဒါပေမယ့်အခုလိုမျက်နှာဖြူအရာရှိတစ်ယောက်ကို အနားကပ်ပြီးလည်ပင်းကိုဓားနဲ့လှီးသတ်ဖို့ဆိုတာသိပ်လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူးဗျ”

“ဆရာပြောတာလည်းဟုတ်နိုင်ပါတယ်၊ ဒါပေမယ့်ဒီလူတွေအဖို့ကျတော့ သူတို့ရဲ့အသက်မွေးဝမ်းကြောင်း ကိစ္စမို့လားဗျာ။ ကျွမ်းကျင်ပေမပေါ့ဆရာရယ်”

ကျုပ်ကတော့ဆရာနှစ်ယောက်ပြောတာကိုနားထောင်ရင်း သက်ပြင်းချမိတာပေါ့ဗျာ။ အဲ့ဒီနောက်တော့ကျုပ်လည်းပါပါအရိပ်အခြေကိုမသိမသာနဲ့အမြဲကြည့်နေတော့တာပေါ့ဗျာ။ ယစ်မျိုးဝန်ထောက်ကြီးမစ်စတာအက်ဒဝပ် သေပြီးတဲ့နောက်မှာတော့ ပါပါလည်းဘာမှထပ်လုပ်တာမတွေ့ရတော့ဘူးဗျ။ ကျုပ်လည်းညတိုင်းပါပါအိပ်သွားမှအိပ်တာချည်းပါပဲ။

နောက်တစ်နှစ်လောက်ကြာတော့ ပါပါထပ်လုပ်တယ်ဗျ။ ကျုပ်လည်းအရင်တစ်ခါလိုချောင်းကြည့်တာပါပဲ။ ပါပါကမန်တန်ရွတ်၊ ကြေးဝါဇလုံထဲကဓားစကြာကလေးပျံထွက်သွားပြီးတစ်နာရီလောက်ကြာတော့ အရင်တစ်ခါလိုပြန်ရောက်လာတာပဲဗျ။ သွေးတွေရွှဲနေတာပဲပေါ့ဗျာ။ နောက်တစ်နေ့ထုတ်တဲ့သတင်းစာတွေမှာ ပါလာတာပဲဗျို့။

“ဗြိတိသျှလူမျိုး လမ်းဝန်ထောက် မစ်စတာကယ်လ်ဗင် ပျော်ပွဲစားရုံကအပြန်မှာ လည်ပင်းကိုသင်ဒုံးဓားနဲ့လှီးဖြတ်အသတ်ခံရတဲ့အကြောင်း၊ ဒီလိုအမှု ကိစ္စမျိုး တစ်ကြိမ်မကဖြစ်နေတဲ့အတွက်အဂ်လိပ်အရာရှိတွေကို မျက်ခြည်မပြတ်စောင့်ကြပ်နေတဲ့ကြားက အခုလိုဖြစ်သွားတဲ့အကြောင်း၊ မစ်စတာ ကယ်လ်ဗင်ဟာသူနဲ့မနီးမဝေးကနေ အရပ်ဝတ်နဲ့လိုက်လာတဲ့ပုလိပ်တွေရှေ့မှာပဲ ‘ဓားတွေ၊ဓားတွေ’ လို့နှစ်ခွန်းဆင့်အော်လိုက်ပြီးတော့ လည်ပင်းကနေသွေးတွေပန်းထွက်လာပြီး လဲကျသေဆုံးသွားတဲ့အကြောင်း ၊သူ့ကိုစောင့်ရှောက်နေတဲ့ပုလိပ်တွေကတော့ မစ်စတာကယ်လ်ဗင် ပြောတဲ့ဓားတွေကို တွေ့လိုက်တဲ့သူတစ်ယောက်မှမရှိတဲ့အကြောင်း မစ်စတာကယ်လ်ဗင် ရဲ့လည်ပင်းကိုသင်ဒုံးဓားနဲ့လှီးသွားတဲ့လူသတ်သမားကိုလည်း ပုလိပ်တွေအနေနဲ့မတွေ့လိုက်တဲ့အကြောင်း၊ ပုလိပ်တွေကိုယ်တိုင်သူတို့ရှေ့မှာ မစ်စတာကယ်လ်ဗင် အသတ်ခံရတဲ့ ကိစ္စကိုအလွန်အမင်း အံ့သြနေကြတဲ့အကြောင်း၊ နောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုရင် ပုလိပ်အရာရှိတွေကိုယ်တိုင် သင်ဒုံးဓားနဲ့လှီးတဲ့လူသတ်သမားကို ကြောက်နေကြတဲ့အကြောင်း”

ရေးထားလိုက်တာမှ စုံနေတော့တာပေါ့ဗျာ။ ကျုပ်တို့ယူနီဗာစီတီကျောင်းကြီးမှာလည်း ကျောင်းသားတွေ၊ကျောင်းသူတွေ၊ဆရာ၊ဆရာမတွေ အားလုံးဒီသတင်းကိုပဲခေါင်းချင်းဆိုင်ပြောနေကြတော့တာပေါ့ဗျာ။ ကျုပ်ကတော့သူတို့ပြောတာကိုနားထောင်ပြီး စိတ်မဝင်စားသလိုပဲနေလိုက်တယ်ဗျို့။ ဒီလိုနဲ့ မစ်စတာကယ်လ်ဗင် ဆိုတဲ့လူသေတာခြောက်လ၊ခုနစ်လလောက်ရှိသွားတော့တာပေါ့ဗျာ။ ကျုပ်လည်းပါပါဖြစ်စေချင်တဲ့ဆရာဝန်တစ်ယောက်ဖြစ်အောင် ဆေးဘက်ကိုယူပြီးကြိုးစားနေရတာဗျ။ ပါပါကကျုပ်ကိုပြောတယ်။

“လူကလေးမောင်ဗညို၊ ဒိုက်ပုံကြီးပေါ်မှာပါလာပြီး ဘယ်ကမျှောလာမှန်းမသိတဲ့ လူကလေးကိုအသက်မသေအောင် ပါပါကကယ်ခဲ့သလို မသေသင့်တဲ့လူတွေရဲ့အသက်ကို လူကလေးကကယ်ပေးပါ၊ ဒါဆိုရင်လူကလေးအသက်ကိုကယ်ခဲ့ပြီး လူတစ်လုံးသူတစ်လုံးဖြစ်အောင်ပါပါမွေးခဲ့ရကျိုးနပ်တာပေါ့ လူကလေးရာ”

ကျုပ်ကိုပါပါ မသေသင့်တဲ့လူတွေရဲ့အသက်ကိုကယ်ဖို့ပြောတယ်ဆိုတော့ သေသင့်တဲ့လူတွေမို့သူသတ်တာထင်တယ်လို့ကျုပ်တွေးမိတယ်။ ပါပါကျေးဇူးတွေက ကျုပ်အပေါ်မှာဆပ်လို့မကုန်နိုင်အောင်တင်နေတာဗျ။ ကျုပ်ကိုပါပါကိုယ်တိုင် နို့ဘူးတိုက်ပြီးမွေးလာခဲ့ရတာ။ အခုလိုဆေးကျောင်းတက်တဲ့အထိမွေးကျွေးနေတုန်းလေဗျာ။ ဒါပေမယ့်ကျုပ်စိတ်မကောင်းတာတော့ အမှန်ပဲဗျ။ ပါပါလိုအိန်ဒိယသားလူကုံစိတ်ကုန်သည်တစ်ယောက် ၊တန်တစ်ယောက်၊ ရန်ကုန်မြို့ရဲ့ ထိပ်တန်းစားအလွှာထဲမှာထဲထဲဝင်ဝင် ဝင်ဆံ့တဲ့သူတစ်ယောက်၊ အဂ်လိပ်စကားကိုဘိလပ်သား အဂ်လိပ်တွေထက် သာအောင်ပြောနိုင်တဲ့လူတစ်ယောက်က မှော်လား၊ စုန်းလား၊ ကဝေလားမသိတဲ့ ပညာနဲ့လူသတ်နေတာကို ကျုပ်ဘယ်လိုမှနားမလည်နိုင်တော့ဘူးပေါ့ဗျာ။

ကျုပ်ဆေးကျောင်းတက်နေတဲ့နှစ်ကာလတွေမှာ ပါပါကခြောက်လတစ်ယောက်၊ တစ်နှစ်တစ်ယောက်၊ နှစ်နှစ်တစ်ယောက်ဆိုသလို မျက်နှာဖြူအရာရှိဆိုတွေကို သတ်နေတာဗျ။

ဒီညတော့နွေရာသီဆိုတော့ ပူလိုက်နေတာနဲ့မျက်နှာကြက်ကပန်ကာကိုဖွင့်ပြီးစာဖတ်နေတုန်းအိမ်ပေါ်ထပ်ကအသံသဲ့သဲ့ကြားလို့ ကျုပ်တက်လာပြီးကြည့်လိုက်တာဗျ။ ပါပါပေါ့ဗျာ။ ခါတိုင်းလုပ်နေကျအခန်းထဲမှာပဲ ဖယောင်းတိုင်တွေထွန်းပြီးလုပ်နေပြန်ရောဗျ။ ကျုပ်ချောင်းကြည့်လိုက်တော့ခါတိုင်းလုပ်နေကျရေဇလုံနဲ့ဓားစကြာမဟုတ်ဘူးဗျို့။ ဒီတစ်ခါတစ်မျိုးဗျ။ ပါပါရှေ့မှာလူကို ကားစင်တင်ပြီးသတ်တဲ့လက်ဝါးကပ်တိုင်အသေးစားလေးဗျ။ အဲ့ဒီလက်ဝါးကပ်တိုင်မှာကြိုးတုပ်ပြီး ကားစင်တင်ထားတာကလူပုံစံအရုပ်ကလေးတစ်ရုပ်ဗျ။ ကျုပ်သေသေချာချာကြည့်လိုက်တော့ အဂ်လိပ်တစ်ယောက်ပုံစံဗျ။ အရုပ်မှာဝတ်ထားတဲ့အဝတ်အစားကလည်းဥရောပဝတ်စုံကို သေးသေးလေးချုပ်ပြီးကျကျနနဝတ်ထားတာဗျ။ ရှူးဖိနပ်ကလည်းသေးသေးလေးဗျ။ ဖိနပ်ကိုတိုက်ထားလိုက်တာလည်း ပြောင်လက်နေတာပါဗျာ။ လည်ပင်းမှာနက်ကတိုင်လေးတောင်ပါလိုက်သေးသဗျ။

ဟာ ခေါင်းတလားသေးသေးလေးပါလား။ ကျုပ်ကခုမှမြင်သွားတာဗျ။ လက်ဝါးကပ်တိုင်ရဲ့အောင်ခြေမှာ ချထားတာဗျ။ ကျုပ်စိတ်ထင်ခြောက်လက်မ ခုနစ်လက်မလောက်ရှည်မယ်ထင်တယ်။ လူသေထည့်တဲ့ခေါင်းသေးသေးလေးဗျာ။ ပုံစံကခရစ်ယာန်တွေသေရင် သင်းဂြိုဟ်တဲ့ခေါင်းပုံစံဗျ။ ထိပ်ပိုင်းကကားပြီးနောက်ပိုင်းကရှူးသွားတဲ့ပုံမျိုးလေဗျာ။ အဖုံးကလည်းသေသေချာချာလုပ်ထားတာဗျ။ ခေါင်းတစ်ခုလုံးကိုဆေးနက်သုတ်ထားတာပြောင်လက်နေတာဗျို့။

ကျုပ်စိတ်ထဲမှာထင်တာတော့ အရုပ်မှာဝတ်ထားတဲ့ အက်ျီ၊ဖိနပ်၊ဘောင်းဘီ၊နက်ကတိုင်တွေဟာ လူသေရဲ့ကိုယ်ကအဝတ်အစားတွေယူပြီး ဖျက်ချုပ်ထားတာဖြစ်မယ်ဗျ။ ဖိနပ်တောင်မှလူသေသင်းဂြိုဟ်တဲ့အခါ လူသေစီးတဲ့ဖိနပ်ကို ချွတ်ယူပြီးသေးသေးလေးပြန်စပ်ထားတာဖြစ်မယ်။ ဖြစ်နိုင်တာကတော့အစိမ်းသေ သေတဲ့လူရဲ့အသုဘကယူတာဖြစ်လိမ့်မယ်။ ဒါတွေအားလုံးကိုလည်းပါပါကိုယ်တိုင် ပဲလုပ်ထားတာဖြစ်လိမ့်မယ်လို့ကျုပ်ထင်တယ်ဗျ။ ဘာဖြစ်လို့တုံးဆိုတော့ စာအုပ်တစ်အုပ်ထဲမှာကျုပ်ဖတ်ဖူးလို့ဗျ။ ပန်ချာပီဘောင်းထုပ်အနက်ကြီးပေါင်းပြီး အနက်ရောင်အက်ျီ၊ အနက်ရောင်ပုဆိုးကို ဟိန်ဒူကုလားတွေလိုခါးတောင်းကျိုက်ထားတာဗျ။ ပခုံးပေါ်မှာလည်း ပိတ်စအနက်ကို တင်ထားတာ။ ခါတိုင်းလိုအဖြူရောင်ဝတ်မထားဘဲ အနက်ရောင်ဝတ်ထားတာကတော့ တော်တော်ကိုထူးခြားနေတာဗျ။ ပါပါရွတ်နေတဲ့မန်တန်တွေကလည်း ခါတိုင်းမန်တန်တွေနဲ့ မတူဘူးလို့ထင်တယ်ဗျ။ ပါပါကမန်တန်ရွတ်ရင်းကနေ အမွှေးတိုင်ထွန်းထားတဲ့ ကြေးအိုးလေးကို လက်နှစ်ဖက်နဲ့ယူပြိီးကားစင်တင်ထားတဲ့မျက်နှာဖြူရုပ်ကလေးနားမှာအမွှေးတိုင်ကိုလှည့်ပတ်ပြီးဝေ့ဝိုက်လုပ်နေရောဗျ။

ဟာ၊ ကျုပ် ယောင်ပြီး အော်လိုက်မိတော့မလို ဖြစ်သွားလို့ ကိုယ့်ပါးစပ်ကိုတောင် လက်နဲ့ အုပ်ထားလိုက်ရတယ်ဗျို့။ အမွှေးတိုင်ရဲ့မီးခိုးတွေကြားမှာ ကားစင်ပေါ်ကအရုပ်ကလေးလှုပ်နေတာဗျ။ ကျုပ်မျက်စိများမှားနေသလားဆိုပြီး ကျုပ်သေသေချာချာကြည့်လိုက်တယ်။ ကျုပ်မျက်လုံးတွေ မမှားဘူးဗျ။ အရုပ်ကလေးတကယ်လှုပ်နေတာ။ ခေါင်းကလည်းဟိုဘက်ဒီဘက်ကို နည်းနည်းလောက်လှုပ်နေတယ်။ အရုပ်ကလေးရဲ့မျက်လုံးကလည်းမျက်တောင်ခတ်နေတယ်။ ဒီတုန်းမှာပဲမန်တန်ကို မပြတ်ရွတ်နေတဲ့ ပါပါက ကတ်တီပါဘူးအနက်ရောင် ကလေးကိုဖွင့်လိုက်တယ်။ ကတ်တီပါဘူးကခြောက်လက်မလောက်ရှည်ပြီး ဗျက်ကလက်တစ်ဝါးလောက်ရှိတယ်။ အထဲမှာငွေဓားလေးတစ်ချောင်းဗျ။ ဓားမြှောင်ပုံစံလေး။ ဓားရဲ့အရိုးကလည်း ငွေနဲ့ပဲလုပ်ထားတာ။ အရိုးမှာစိန်တွေစီထားလို့ဗျာ။ ဓားသွားရဲ့အရှည်ကသုံးလက်မလောက် ၊ အရိုးကတစ်လက်မလောက်ရှိတယ်ဗျ။ အသွားရဲ့ဗျက်က နှီးတစ်ပြားစာလောက်ပဲရှိမယ်။

ပါပါက ငွေဓားလေးကို ဖြည်းဖြည်းလေးကောက်ယူပြီး လက်ညှိုးနဲ့လက်မကြားမှာညှပ်ပြီး ကိုင်ထားတယ်။ ပြီးတော့မှလှုပ်နေတဲ့အရုပ်ကလေးကိုမန်တန်ရွတ်ရင်းစိုက်ကြည့်တယ်။ ပါပါရဲ့ဓားကိုင်ထားတဲ့လက်ကအပေါ်ကို မြောက်လာပြီးအရုပ်ကလေးရဲ့ဘယ်ဘက်ရင်ဘက်ထဲကို ငွေဓားလေးထိုးသွင်းလိုက်တယ်။

“အား”

ဟာ ကျုပ်ပါးစပ်ကိုလက်ဝါးနဲ့ အုပ်ထားလိုက်ရပြီဗျို့။ မအုပ်ရင်ကျုပ်ယောင်ပြီးအော်လိုက်မိမှာပဲဗျာ။ ငွေဓားလေးထိုးသွင်းလိုက်တဲ့အရုပ်ကလေးကလူတစ်ယောက်လိုအော်သလိုကို အော်လိုက်တာဗျို့။ ဟာ ဓားထိုးသွင်းတဲ့နေရာကသွေးတွေစီးကျလာပြီဗျို့။ ကျုပ်ဖြင့်ဒူးတွေတောင် တဆတ်ဆတ်တုန်နေတော့တာပေါ့ဗျာ။ ပါပါကမန်တန်ကိုအသံကျယ်ကျယ်နဲ့ရွတ်ပြီးဓားကိုဆွဲနှုတ်လိုက်တယ်။ ငွေဓားဖွေးဖွေးလေးမှာ သွေးတွေနီရဲနေတာဗျို့။ ပါပါကအနက်ရောင်ပိတ်စတစ်စနဲ့ ငွေဓားကသွေးတွေကို သုတ်နေတယ်။ ပြီးတော့မှဓားလေးကို ကတ်တီပါအနက်ဘူးလေးထဲကိုပြန်ထည့်ပြီးပိတ်ထားလိုက်တယ်။

ကားစင်မှာတင်ထားတဲ့ အရုပ်ကလေးကို ကြိုးတွေဖြုတ်ပြီးယူလိုက်တယ်။ ရင်ဘက်မှာသွေးတွေစိမ့်ထွက်နေတဲ့ အရုပ်ကလေးကိုခေါင်းတလားအမဲလေးထဲမှာ ထည့်ပြီးအဖုံးကိုသေသေချာချာဖုံးလိုက်တယ်ဗျ။ ကျုပ်လည်းဆက်မကြည့်တော့ဘဲအောက်ထပ်ကိုပြန်ဆင်းလာပြီး အိပ်ရာထဲကိုဝင်နေလိုက်တယ်။ ခဏကြာတော့အပေါ်ထပ်ကနေ ပါပါဆင်းလာတဲ့ခြေသံကြားရတယ်။ ပါပါကတံခါးဖွင့်ပြီး ခြံထဲကိုဆင်းသွားတယ်ဗျ။ ကျုပ်လည်းမနေနိုင်တာနဲ့ လိုက်ကြည့်မိပြန်တာပေါ့ဗျာ။ ပါပါကသရက်ပင်ကြီးအောက်မှာ မြေကျင်းကလေးတူးပြီး အိမ်ပေါ်ထပ်ကယူလာတဲ့ ခေါင်းတလားမဲမဲလေးကို မြေကျင်းထဲမှာမြှုပ်လိုက်တယ်။ ပြီးတော့မြေပြန်ဖို့ပြီး ရိုရိုသေသေပြောလိုက်တယ်ဗျ။ ဒီတစ်ခါတော့အဂ်လိပ်လိုပြောလိုက်တာဆိုတော့ ကျုပ်နားလည်တာပေါ့ဗျာ။

“မစ်စတာ ဂျော့(ချ်)လူးဝစ်၊ ခင်ဗျားအတွက် အုတ်ဂူလှလှလေးလုပ်မပေးနိုင်တဲ့အတွက် ကျုပ်ကိုခွင့်လွှတ်ပါဗျာ၊ ငရဲမှာခင်ဗျားအဆင်ပြေပါစေ မစ်စတာ လူးဝစ်”

ကျုပ်အိပ်ခန်းထဲကိုခပ်သုတ်သုတ်ပြေးပြီး ဝင်လိုက်တယ်။ မနက်ကျတော့ ပါပါကခါတိုင်းလိုပဲဝတ်စုံကောင်းကောင်းတစ်စုံဝတ်ပြီးဂျစ်ကားလေးကို မောင်းပြီးထွက်သွားတယ်ဗျ။ ကျုပ်ကျောင်းသွားတော့ သတင်းစာတစ်စောင်ဝယ်ဖတ်လိုက်တယ်။

“ထောင်ပိုင်ကြီး မစ်စတာဂျော့(ချ်)ထူးဆန်းစွာ သေဆုံး ခြင်းဆိုပြီး ရန်ကုန်ထောင်ပိုင်ကြီး ဂျော့(ချ်)လူးဝစ် အရက်ဘားမှာတခြားမျက်နှာဖြူအရာရှိတွေနဲ့ အရက်အတူတူသောက်နေရာက နေရင်ဘက်ကိုလက်နဲ့အုပ်လိုက်ပြီး ‘အား’လို့ အသံနက်နက်ကြီးနဲ့တစ်ချက်အော်ပြီး သေဆုံးသွားတဲ့အကြောင်း၊ ဆေးရုံကြီးကို ခေါ်သွားပေမယ့် အသက်မမီတော့တဲ့အကြောင်း၊ ဆေးရုံကဆရာဝန်ကြီးတွေက ရင်ခွဲပြီးစစ်ဆေးတဲ့အခါ မစ်စတာဂျော့(ချ်)လူးဝစ်ရဲ့ နှလုံးမှာအပေါက်ကြီးတစ်ပေါက်ပေါက်နေတာကို တွေ့ရတဲ့အကြောင်း၊ ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုဒဏ်ရာမှမရှိဘဲ နှလုံးမှာဓားနဲ့ထိုးသွင်းထားတဲ့အပေါက်ကြီးဖြစ်နေတာကို ဆရာဝန်ကြီးတွေ ဘယ်လိုမှ အဖြေရှာလို့မရကြတဲ့အကြောင်းတွေကို ဝေဝေဆာဆာရေးထားတာပေါ့ဗျာ”

ဒီကိစ္စကိုလူတွေက စိတ်ဝင်စားကြပြန်ရောဗျို့။ ဟိုနားစုစု၊ ဒီနားစုစုနဲ့ ဒီအကြောင်းကိုပဲ သတင်းစာတကိုင်ကိုင်နဲ့ ပြောနေကြတော့တာဗျ။ ကျုပ်လည်းဆေးပညာနောက်ဆုံးအပိုင်းကိုရောက်နေပြီဗျ။ မကြာခင်မှာဆရာဝန်တစ်ယောက်ဖြစ်တော့မှာလေဗျာ။ ကျုပ်လည်းပါပါကျေးဇူးကိုဆပ်တဲ့အနေနဲ့ အစွမ်းကုန်ကြိုးစားလိုက်တာ နောက်ဆုံးစာမေးပွဲကို ထူးထူးချွန်ချွန်နဲ့အောင်ရောဗျာ။ ပါပါကကျုပ်ဆေးကျောင်း အောင်သွားတာကို တော်တော်ဝမ်းသာတာဗျ။

ဒီအချိန်မှာပဲကျုပ်တို့တိုင်းပြည်မှာစစ်ကြီးဖြစ်တော့တာပေါ့ဗျာ။ အဂ်လိပ်တွေဆုတ်သွားပြီး ဂျပန်တွေနဲ့ ဗမာ့တပ်မတော် ရန်ကုန်ကိုသိမ်းရောဗျ။ ကျုပ်တို့သားအဖလည်း အခြေအနေကြည့်နေရတော့တာပေါ့ဗျာ။

ဂျပန်ဆိုတာက စိတ်မထင်ရင်ကားကို လှမ်းတားပြီးတော့ပါးရိုက်ချင် ရိုက်တာဗျ။ ပါပါလည်းအရင်ကလောက်အပြင်မထွက်တော့ဘူးဗျ။ ကျုပ်ကတော့ ဟိုနား ဒီနားဆေးလိုက်ကုနေတာဗျ။ တစ်ညတော့ပါပါတစ်ယောက် အိမ်ပေါ်ထပ်မှာရွတ်ဖတ်နေပြန်ရောဗျို့။ ကျုပ်လည်းတစ်နေ့လုံးဆေးလျှောက်ကုနေရတာဆိုတော့ ပင်ပန်းပြီးအိပ်မလို့ လုပ်နေတုန်းအပေါ်ထပ်က အသံတွေကြားလို့ လှေကားကတက်ပြီးကြည့်ပြန်တော့တာပေါ့ဗျာ။
ပါပါဓားစကြာလွှတ်ပြန်ပြီဗျို့။

ကျုပ်အံ့သြသွားတယ်ဗျ။ အဂ်လိပ်တွေမှမရှိတော့ဘဲ ပါပါဘယ်သူ့ကိုသတ်မလို့ပါလိမ့်လို့ တွေးမိတာပေါ့ဗျာ။ နောက်တစ်နေ့ရောက်တော့ ကျုပ်ဆေးကုသွားတဲ့နေရာမှာတိုးတိုး တိုးတိုးနဲ့ပြောနေကြတာဗျ။ ဂျပန်ကင်ပေတိုင်ရုံးကဂျပန်ဗိုလ်တစ်ယောက်လည်ပင်းကို သင်ဒုံးဓားနဲ့အလှီးခံရတဲ့အကြောင်း ၊ အဂ်လိပ်အရာရှိဆိုးတွေကိုသတ်သလိုပဲ ဂျပန်တွေကို စပြီးသတ်တဲ့အကြောင်း ၊ ဒီလူသတ်သမားဟာ ကိုယ်ပျောက်နေတာဖြစ်မယ်လို့ထင်တဲ့အကြောင်း၊ ဂျပန်စစ်ဗိုလ်ကစစ်ရုံးထဲကထွက်အလာမှာ လည်ပင်းကိုဖြတ်လှီးသွားတာဆိုတာဆိုတော့ ဂျပန်စစ်သားတွေလည်းဘာမှ မတတ်နိုင်ကြတဲ့အကြောင်း၊ သူတို့လည်းဘာမှမမြင်လိုက်ရတဲ့အကြောင်းတွေ ၊ အခုဆိုရင် ဂျပန်စစ်ဗိုလ်ရဲ့ ကိုယ်ရံတော်တပ်တွေကို ရက်ရက်စက်စက်နှိပ်စက်ပြီး စစ်ဆေးနေတဲ့အကြောင်းတွေပေါ့ဗျာ။

ဂျပန်တွေကလည်း တစ်နေ့တခြားကြမ်းတမ်းရမ်းကားလာတော့ ဗိုလ်ချုပ်အောင်ဆန်းက မဟာမိတ်တပ်တွေရဲ့အကူအညီနဲ့ ဂျပန်တွေကို တိုက်ရပြန်တာပေါ့ဗျာ။ ဂျပန်တော်လှန်ရေးအတွင်းမှာ ပါပါရဲ့ လုပ်ရပ်တွေက အံ့သြစရာပါပဲဗျာ။ အဲဒီကာလမှာ ပါပါကအိမ်ပေါ်ကနေ အောက်ကို သိပ်မဆင်းတော့ဘူးဗျ။ အိမ်ပြင်လည်းသိပ်မထွက်တော့ဘူး။ ထမင်းလာချက်တဲ့မိန်းမကြီးကိုပဲအားလုံးလုပ်ခိုင်းတော့တာ။ အဲဒီမိန်းမကြီးရဲ့မိသားစုကိုလည်း စားဝတ်နေရေးအားလုံးကို ပါပါကတာဝန်ယူတယ်ဗျ။

ညဆိုရင် ထမင်းချက်တဲ့မိန်းမကြီးက သူ့အိမ်မှာ ပြန်အိပ်တယ်။ သူက ငါးထပ်ကြီးဘုရားနားက ဆာဖိုးသာခြံဘက်မှာနေတာဗျ။ ညဆယ်နာရီလောက်ရောက်တာနဲ့ပါပါလည်း အိမ်ပေါ်ထပ်မှာ ရွတ်ဟယ်ဖတ်ဟယ်လုပ်တော့တာပဲဗျာ။ တစ်ညတော့ကျုပ်တက်ကြည့်တယ်။ မြင်ရတဲ့မြင်ကွင်းက ကျုပ်တစ်သက်ဘယ်တော့မှ မမေ့တဲ့မြင်ကွင်းပါဗျာ။ အရိုးခေါင်းခွံသုံးခုကို ဖိုခနောက်ဆိုင် လုပ်ထားတယ်ဗျ။ ပြီးတော့အပေါ်မှာရေလုံအိုးကွဲအပဲ့ကြီးကို ဒယ်အိုးလိုတင်ထားပြီးအထဲမှာ တစ်လက်မလောက်ရှိတဲ့ ဂျပန်စစ်သားရုပ်ကလေးတွေကိုထည့်ပြီးလှော်နေတာဗျ။ ရေလုံအိုးကွဲရဲ့အောက်မှာ ပျားဖယောင်းတိုင်တစ်တိုင်ကို ဇောက်ထိုးစိုက်ပြီး ထွန်းထားတာဗျ။ လက်ထဲမှာလည်း ဝါးယောက်မကြီးတစ်ချောင်း ကိုင်ထားပြီးမပြတ်မွှေပေးနေတာ။ ပါးစပ်ကလည်းမန်တန်တွေကိုတရစပ်ရွတ်နေသေးတာဗျ။

ကျုပ်စိတ်ထင်တော့လက်ထဲက ဝါးယောက်မဟာတံစူးဝါးကို လုပ်ထားတာလို့ထင်တယ်။ နောက်နေ့ဆိုရင် သတင်းတွေကြားရတော့တာပဲဗျ။ ဘယ်ဘက်မှာဂျပန်တပ်တွေဘယ်လောက်ကျကုန်ပြီ။ ဘယ်ကိုပြေးပြီဆိုတာတွေပေါ့ဗျာ။ ပါပါကလည်းညတိုင်းကိုလုပ်နေတော့တာဗျ။ ရေလုံအိုးကွဲထဲမှာ ဂျပန်စစ်သားရုပ်ကလေးတွေ အများကြီးကိုထည့်ပြီးလှော်နေတော့တာဗျ။ ကျုပ်စိတ်ထင်တော့ ဒီစစ်သားရုပ်ကလေးတွေကို သစ်သားပန်းပုဆရာတွေကို လုပ်ခိုင်းထားတာထင်တယ်ဗျ။ ဆေးတွေဘာတွေ ကျကျနနခြယ်ထားတဲ့ အရုပ်ကလေးတွေဗျ။ စစ်ပွဲသတင်းတွေကကြမ်းလာလေ ပါပါကလည်းတစ်ညမပြတ်လှော်လေပဲဗျို့။ နောက်ဆုံးတော့ ဂျပန်တွေတိုင်းပြည်ထဲကနေ အပြီးဆုတ်သွားရရောဗျို့။ ဒီမှာတင်အဂ်လိပ်တွေရန်ကုန်ကိုပြန်ရောက်လာတယ်။ ကျုပ်လည်းဆေးရုံဆရာဝန်ဖြစ်ပြီဗျ။ ရန်ကုန်ဆေးရုံကြီးမှာ ကျုပ်လက်ထောက်ဆရာဝန်ပေါ့ဗျာ။ အလုပ်ရတယ်။

ကျုပ်ကတော့ပါပါကိုတစ်လှည့်ပြန်ပြီးအလုပ်အကျွေးပြုမယ်လို့ စိတ်ကူးထားတာပေါ့ဗျာ။ ဒါပေမယ့်ကျုပ်စိတ်ကူးတွေက သိပ်ကိုနောက်ကျသွားခဲ့တာဗျ။ SoulsToo

“လူကလေး မင်းလည်းအရွယ်ရောက်ပြီ၊ ဆရာဝန်ကြီးတစ်ယောက်လည်းဖြစ်သွားပြီ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးကိုယ့်လမ်းကိုယ်လျှောက်ပေတော့၊ ပါပါကတော့ ဂန်ဓာရီခရီးတွေလှည့်ရလိမ့်ဦးမယ်”

“ဗျာ ပါပါ ကျွန်တော်နဲ့အတူတူ မနေဘူးလား”

လို့ ကျုပ်က ပါပါကို ငေးကြည့်ပြီးမေးလိုက်တယ်။

“ပါပါတို့က တစ်နေရာမှာ ကြာကြာနေလေ့မရှိဘူးကွဲ့၊ လူကလေးရဲ့၊ အခုဒီမှာတော်တော်ကြာသွားတာက လူကလေးကိုမွေးနေရလို့ ကြာသွားတာ”

“ပါပါကို ကျွန်တော်တစ်ခုလောက် မေးပါရစေ”

“ဟာ မေးပါ လူကလေးရဲ့၊ မေးပါကွဲ့”

“ပါပါက ဘာလဲဆိုတာ ကျွန်တော်သိခွင့်ရှိရင် သိပါရစေ”

“ဪ ဒါလား၊ သိရပါတယ် လူကလေး”SoulsToo

“ပါပါက ဗမာတွေစကားနဲ့ပြောရရင်တော့ ဇနပဒဂန်ဓာရီ ဝိဇ္ဇာတစ်ယောက်ပေါ့ကွယ်”

“ဗျာ ပါပါက ဝိဇ္ဇာ ဟုတ်လား၊ ဒါဆို..”

ကျုပ်က ဆက်မပြောဘဲ စကားကို ရပ်လိုက်တယ်။

“ဇနပဒ ဝိဇ္ဇာတွေက မှော်ဝိဇ္ဇာ တွေပဲကွဲ့လူကလေးရဲ့၊ ကျုပ်တို့ကလိုအပ်လာရင် လူသတ်ကြတယ်”

“ဗျာ”

“လူကလေး ပါပါကိုလာကြည့်တာ ပါပါသိပါတယ်၊ ပါပါလုပ်တာတွေကို လူကလေးသိတာ ကြာလှပြီပဲ။ ဒါပေမယ့်ပါပါသတ်တဲ့လူတွေဟာ လူကောင်းသူကောင်းတွေမဟုတ်ဘူးကွဲ့၊ လူ့လောကကို အနှောင့်အယှက်ပေးတဲ့ လူဆိုးလူယုတ်မာတွေပါလူကလေး”

“နောက်တစ်ခု ကျွန်တော် မေးချင်သေးတယ် ပါပါ”

“ဘာများတုံးကွဲ့၊ လူကလေးရဲ့”

“ပါပါ့အသက် ဘယ်လောက်ရှိပြီလဲ၊ ကျွန်တော်ပါပါ့ကို စပြီးမှတ်မိတဲ့အရွယ်ကတည်းကစပြီး ပါပါက ဒီအရွယ်ပဲအမြဲဖြစ်နေလို့ပါ”

“လူကလေး ပါပါ့အသက်ဟာ ငါးရာကျော်ပြီ”

“ဗျာ”

တစ်ပတ်လောက်ကြာတော့ ကျုပ်ဆေးရုံကပြန်ရောက်တဲ့အချိန်မှာ ပါပါအိမ်မှာမရှိတော့ဘူး။ ကျုပ်အတွက်စာလေးတစ်စောင်နဲ့ငွေ သေတ္တာ တစ်လုံးပဲ တွေ့ရတော့တယ်။ စာထဲမှာရေးထားတာကတော့ ကျုပ်ကိုသူ့ရဲ့သားအရင်းလိုချစ်ခဲ့တဲ့အကြောင်း၊ သူနဲ့ကျုပ်ဘယ်တော့မှပြန်မဆုံနိုင်တော့တဲ့အကြောင်း၊ ကျုပ်အတွက်အိန်ဒိယတို့ အဂ်လန်တို့ကိုသွားပြီးဆေးပညာထပ်သင်ကြားဖို့ငွေတွေ အလုံအလောက်ထားခဲ့တဲ့အကြောင်း ၊ဆေးပညာကိုထပ်ပြီးသင်ယူဖို့ထပ်ခါတလဲလဲ ပြောထားတာဗျ။

အိမ်ကြီးထဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ ကျုပ်လည်း ရှိုက်ကြီးတငင် ငိုချလိုက်မိတော့တာပေါ့ဗျာ။

“အဲ့ဒါပါပဲ မောင်တာတေ၊ အဲ့ဒီနေ့ကစပြီး ကျုပ် ပါပါ့ကိုတစ်ခါမှ မမြင်ရတော့ပါဘူး၊ ဒါပေမယ့် ကျုပ်သူ့ကို သတိမရတဲ့နေ့လို့ တစ်ရက်မှ မရှိခဲ့ပါဘူး မောင်တာတေရယ်”

ဆရာကြီးဒေါက်တာဘညိုက ဝေ့လာတဲ့ သူ့မျက်လုံးက မျက်ရည်စတွေကို သုတ်လိုက်တယ်ဗျ။

ပြီးပါပြီ

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)