ကိုယ်ပွားလိုက်ခြင်း (စ/ဆုံး)


.. ကိုယ်ပွားဆိုတာ ခင်ဗျားကိုယ်ထဲက ထွက်လာတဲ့ ခင်ဗျားပဲဗျ။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဒီနေရာမှာ အိပ်ပျော်ပြီး ကျန်ရစ်ခဲ့ပေမဲ့ ခင်ဗျားရဲ့ကိုယ်ပွားက ခင်ဗျား စိတ်ညွတ်လိုက်တဲ့နေရာကို ရောက်သွားတာ။
.. ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက ကိုယ်ပွားထွက်သွားရင် ခင်ဗျားခန္ဓာကိုယ်ရဲ့ ရင်ညွန့်တည့်တည့်ကနေ ငွေရောင်ကြိုးမျှင်လေးက ခင်ဗျားကိုယ်ပွားနောက်ကို ပါသွားရောဗျ။ အဲ့ဒီ ငွေရောင်မျှင်လေးက ဘာအကြောင်းနဲ့မှ ပြတ်မသွားနိုင်ဘူး။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲကို ခင်ဗျားပြန်ဝင်တဲ့အခါ အဲ့ဒီငွေကြိုးလေးအတိုင်း ပြန်ဝင်လာတာဗျ။
.. ကိုယ်ပွားထုတ်ကာစမှာ သိပ်ညင်သာမှုမရှိသေးတော့ ကိုယ်ထဲကို ပြန်အဝင်မှာ လန့်သွားတတ်တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ကိုယ်ပွားက အဝင်အထွက်လုပ်တာ များလာလို့ရှိရင်တော့ မလန့်တော့ပါဘူး။ လူတစ်ယောက် အိပ်ရာက နိုးသလို နိုးလာတော့တာပေါ့ဗျာ။
.. မဖဲဝါ ကျုပ်ကိုပြောတာက ကိုထွေးမောင်ရဲ့ ငွေကြိုးလေးအတိုင်း လိုက်သွားဖို့ဗျ။ ဘချစ်နဲ့ မတွေ့တော့ကတည်းက ကိုယ်ပွားထုတ်တာကို ကျုပ်မလုပ်တော့တာ တော်တော်တောင်ကြာပြီဗျ။
.. ဒီအကြောင်းတွေနဲ့ ဘချစ်အကြောင်းကို သိချင်ရင်တော့ ကျုပ်ရေးခဲ့တဲ့ `ကဝေပျံ´ စာအုပ်ထဲက `ကိုယ်ပွား´ ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ကြည့်ပေါ့ဗျာ။
.. နောက်ဆုံးတော့ ကျုပ် ဆုံဖြတ်လိုက်တယ်။ ကျုပ် ကိုထွေးမောင်ရဲ့ ကိုယ်ပွားနောက်ကို လိုက်မယ်။ ပြီးရင် ကိုထွေးမောင်ရဲ့ ကိုယ်ပွားကို ကျုပ် ပြန်ခေါ်လာခဲ့မယ်။ ဘာတွေဖြစ်မလဲတော့ ကျုပ် မသိဘူးပေါ့ဗျာ။ ဖြစ်ချင်ရာ ဖြစ်တော့ဗျာ။ တာတေဆိုတဲ့ ကျုပ်က ဆုံးဖြတ်ပြီးရင်တော့ နောက်ဆုတ်တဲ့ကောင် မဟုတ်ဘူးဗျို့။
.. ဒီည ကျုပ် ကိုထွေးမောင်ရဲ့ ကိုယ်ပွားနောက်ကို လိုက်မယ်။ ဒီအတွက် အစောင့်ချဖို့ လူရွေးရမယ်။ ကိုဘသစ်၊ ကိုထွန်းဖေ၊ ကိုဖိုးထောင်နဲ့ သူ့ညီ ကုလားရွှေလို့ ခေါ်တဲ့ အောင်ရွှေကိုပါ ခေါ်လိုက်တယ်။
.. ကိုထွေးမောင်တို့ ဝိုင်းထဲမှာက အိမ်နှစ်လုံးရှိတာဗျ။ ကိုထွေးမောင်တို့ ဘွားကြီးရှိတုံးက ဝိုင်းထဲမှာ သစ်သားအိမ်ကလေး သပ်သပ်ဆောက်ပြီး နေတာဗျ။ အခု အဲ့ဒီ ဘွားမယ်ခကြီး မရှိကတည်းက အဲ့ဒီအိမ်လေးကို ပိတ်ထားလိုက်တာ။ ကျုပ်က အဲ့ဒီအိမ်လေးမှာ အလုပ်လုပ်ဖို့ ရွေးလိုက်တယ်။
.. ဆန့်ဆန့်ကြီးအိပ်နေတဲ့ ကိုထွေးမောင်ကို ကျုပ်တို့ မ ပြီး၊ အိမ်ကလေးထဲကို ရွှေ့လိုက်တယ်။ ကိုထွေးမောင်ရဲ့ အစ်မတွေ၊ မိဘတွေကလည်း ဒီည ကိုထွေးမောင်ရဲ့နောက်ကို တာတေလိုက်မယ်ဆိုလို့ အံ့ဩပြီး ဝမ်းသာနေကြတာပေါ့ဗျာ။
.. သူတို့ကိုတော့ ဝိညာဉ်လို့ပဲ ပြောထားရတာပေါ့လေ။ ဝိညာဉ်လိုက်ခေါ်မယ်ဆိုတော့ သူတို့ အရမ်းကို အံ့ဩကြတာပေါ့ဗျာ။
.. ကျုပ်ကတော့ ကိုကြီးဘသစ်တို့၊ ကိုကြီးထွန်းဖေတို့ကို သေသေချာချာ မှာရတာဗျ။ ကျုပ်ကိုယ်ပွားထုတ်သွားတဲ့ အချိန်မှာ အိမ်တံခါးကို ပိတ်ထားဖို့ အနီးအနားကို ဘယ်သူ့ကိုမှ အလာမခံဖို့။ နောက်ဆုံး ခွေးတွေ၊ ကြောင်တွေတောင် အလာမခံဖို့။
.. နောက်ပြီး ဘာအကြာင်းရှိရှိ လာမနှိုးဖို့၊ ဆူဆူညံညံ အသံမလုပ်ဖို့တွေကို ကျုပ် သေသေချာချာ မှာရတာပေါ့ဗျာ။
.. အားလုံးစီစဉ်ပြီးတော့ ညကိုးနာရီမှာ ကျုပ် ကိုထွေးမောင်တို့ဝိုင်းကို ပြန်ရောက်လာတယ်။ ကိုဘသစ်တို့ အုပ်စုကလည်း ဝါးရင်းတုတ်တွေနဲ့ ကျုပ်ကို ကင်းစောင့်ပေးဖို့ အဆင်သင့်ဖြစ်နေပြီဗျ။ ဝိုင်းတစ်ခုလုံးလည်း တိတ်ဆိတ်နေအောင် လုပ်ထားကြတာဗျို့။ အိမ်လေးထဲမှာ မှန်အိမ်တစ်လုံး ထွန်းထားတယ်။
.. ကျုပ် အိမ်ကလေးထဲကို ဝင်ပြီး တံခါးပိတ်လိုက်တယ်။ မှန်အိမ်ကို မှိတ်လိုက်ပြီး ဘုရားရှိခိုးတယ်။
.. ကျုပ်ဘေးမှာတော့ လူသေကြီးလို ဆန့်ဆန့်ကြီးဖြစ်နေတဲ့ ကိုထွေးမောင်ကြီးက တရှူးရှူးနဲ့ အိပ်နေလေရဲ။
.. ကျုပ် သူ့ဘေးမှာယှဉ်ပြီး အိပ်လိုက်တယ်။ ကျုပ်ရဲ့ ညာဘက်လက်ကို ကိုထွေးမောင်ရဲ့ ရင်ညွန့်ပေါ်မှာ အုပ်ထားလိုက်တယ်။ ပြီးတော့ ကျုပ် ကိုထွေးမောင်ဆီကို စိတ်ညွှတ်ပြီး အိပ်လိုက်တယ်။
.. ကျုပ်က ကိုယ်ပွားထုတ်တာကို အကြိမ်ကြိမ် လေ့ကျင့်ဖူးတာဗျ။ ဒီတော့ ချက်ချင်း အိပ်ပျော်သွားတာပေါ့ဗျာ။
.. မီးတွေလင်းထိန်နေတဲ့ အဆောက်အဦးကြီးထဲကို ကျုပ် ရောက်သွားတာဗျ။ အလင်းရောင်တွေမှ ထိန်နေတာပဲ။ ကျုပ် အဆောက်အဦးထဲကို လှည့်ပတ်ပြီး လိုက်ကြည့်တယ်။ ဘာက ဘယ်လိုလင်းနေမှန်းတော့ မသိဘူး။ ဘာမီးမှလည်း ထွန်းထားတာ မတွေ့ဘူး။ လင်းတာကတော့ ထိန်နေတာပဲဗျ။
.. ကျုပ် အဆောက်အဦးထဲကို လျှောက်ကြည့်နေတာ လူနဲ့တူတာဆိုလို့ တစ်ယောက်မှကို မတွေ့တာဗျ။ ကျုပ်စိတ်ထင်တော့ ဒါဟာ အိပ်တဲ့အချိန်မို့ အိပ်နေတာလို့ပဲ ထင်တာပေါ့ဗျာ။ အဆောက်အဦးကြီးတစ်ခုလုံးကတော့ အုတ်နဲ့ဆောက်ထားတာဗျ။
.. ဟော ရှေ့မှာ အခန်းတစ်ခန်းဗျ။ အခန်းထဲမှာလည်း လင်းနေတာပဲ။ ကျုပ် အခန်းဝကနေ ခေါင်းဝင်ပြီး ကြည့်လိုက်တယ်။ အိပ်ရာတစ်ခုဗျ။ အပေါ်မှာ လူတစ်ယောက် အိပ်နေတယ်။ ကျုပ် အခန်းထဲကို ဝင်သွားပြီး အိပ်နေတဲ့လူကို ငုံ့ကြည့်လိုက်တယ်။
.. ``ဟာ ကိုကြီးထွေးမောင်ပါလား ´´
.. ကျုပ် ချက်ချင်းပဲ ကိုကြီးထွေးမောင်ကို လှုပ်နှိုးလိုက်တယ်။
.. ``ကိုကြီးထွေးမောင်၊ ကိုကြီးထွေးမောင် ´´
.. ကိုကြီးထွေးမောင်က ချက်ချင်းပဲ လူးလွန့်ပြီး ထလာတယ်။ ကျုပ်ကိုတွေ့လိုက်တော့ သူ အတော်ကို အံ့ဩနေတာဗျ။
.. ``တာတေ မင်း တာတေမဟုတ်လား၊ ထနောင်းကုန်းက တာတေမို့လား ´´
.. ကျုပ် ခေါင်းညိမ့်ပြလိုက်တယ်။
.. ``ဟာ... တာတေရာ၊ ငါဝမ်းသာလိုက်တာကွာ၊ ငါဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာတုံး ´´
.. ``ကိုကြီးထွေးမောင်ရဲ့ ကိုယ်ပွားထွက်သွားတာဗျ ´´
.. ကျုပ်စကားကို ကြားတော့ ကိုထွေးမောင်က အံ့ဩပြီး ကျုပ်ကိုကြည့်နေတာဗျ။
.. ``ဘယ်... ဘယ်လိုကွ တာတေ၊ ငါ့ကိုယ်ပွား ဟုတ်လား၊ ငါ့မှာ ကိုယ်ပွားမှ မရှိတာ၊ ငါက တစ်ယောက်တည်းပဲ ရှိတာပါကွာ ´´
.. ``ဟာ... မဟုတ်ဘူး၊ ကိုကြီးထွေးမောင်ရဲ့ ၊ လူတိုင်းမှာ ကိုယ်ပွားဆိုတာ ရှိတယ်ဗျ။ ကျုပ်က အဲ့ဒီကိုယ်ပွားကို ထုတ်နိုင်အောင် တော်တော် လေ့ကျင့်ယူရတာဗျ။ ကိုကြီးထွေးမောင်ကျတော့ မွေးရာပါလို့ ပြောရမှာပေါ့ဗျာ၊ ကိုကြီးထွေးမောင်ရဲ့ ကိုယ်ပွားက အလိုလိုထွက်ထွက်နေတာဗျ ´´
.. ``ဟေ ဟုတ်လား၊ မင်းပြောတာ ဟုတ်မယ်ကွ တာတေရ၊ ငါ ငယ်ငယ်ကတည်းက အိပ်မက်မက်ရင် တကယ်ဖြစ်သလိုကို မက်တာကွ၊ ငါက ငါတကယ်ရောက်သွားတာလို့ မသိဘူး။ အိပ်မက်လို့ပဲ ထင်နေတာ ´´
.. ``မဟုတ်ဘူး၊ ကိုကြီးထွေးမောင် အဲ့တာ ကိုယ်ပွားထွက်သွားနေတာဗျ ´´
.. ``နို့ နေပါဦး တာတေရ၊ ငါတို့အခုရောက်နေတဲ့ နေရာက ဘယ်နေရာတုံးကွ ´´
.. ``မဖဲဝါ ပြောတာတော့ နတ်ဆိုးတွေ နတ်မိစ္ဆာတွေနေတဲ့ဘုံလို့ ပြောတာဗျ ´´
.. ``ဟေ မင်းကို မဖဲဝါ ပြောတာလား ´´
.. ``ဟုတ်တယ်ဗျ၊ ဒါ့ကြောင့် ကျုပ်က ကိုကြီးထွေးမောင်ကို ခေါ်ဖို့ လိုက်လာခဲ့တာလေဗျာ ´´
.. ``ဟာ မင်းက ငါ့ကို ခေါ်မလို့ ဟုတ်လား၊ ဖြစ်ပါမလား တာတေရ၊ သူတို့က ငါ့ကို ဖမ်းထားတာကွ၊ မိုးမလင်းခင် သတ်မယ်၊ မသတ်ဘူးဆိုတာ ဆုံးဖြတ်မယ်လို့ ပြောတယ်ကွ ´´
.. ``ဗျာ... မိုးမလင်းခင် ဟုတ်လား၊ ကိုကြီးထွေးမောင် ´´
.. ``အေးလေကွာ၊ ငါဒီရောက်တာ သိပ်မှမကြာသေးတာ၊ စောစောက ဒီကောင်တွေ ငါ့ကို စစ်ဆေးမေးမြန်းပြီး ဒီအထဲမှာ ထည့်ပစ်ခဲ့ကြတာကွ ´´
.. ``ခင်ဗျားကသာ ဘာမှမကြာသေးဘူး ပြောနေတာ၊ ကျုပ်တို့ရွာမှာက ခင်ဗျား သတိမေ့နေတာ နှစ်လနီးပါးတောင် ရှိနေပြီဗျ ´´
.. ``ဟာ တာတေကလည်း ကပ်သီးကပ်သပ်တွေ ပြောရော့မယ်၊ ငါ ဒီရောက်တာ ခဏပဲရှိသေးတာပါကွ ´´
.. ``ကဲ အဲ့ဒါ ထားပါတော့ဗျာ၊ ကိုကြီးထွေးမောင်စောစောကပြောတဲ့ သူတို့ဆိုတာ ဘယ်သူတွေတုံးဗျ ´´
.. ``ငါလည်း မသိဘူးကွ ငါ ဒီအထဲကို ရောက်တာနဲ့ ငါ့ကို ဆီးပြီးဖမ်းတော့တာပဲကွ၊ အဝတ်အစားတွေကတော့ ရောင်စုံဝတ်ထားကြတာကွ၊ စီးထားတဲ့ ဖိနပ်တွေကလည်း ပြောင်ပြောင်လက်လက်ပဲကွ၊ ဒါပေမဲ့ ခေါင်းမှာတော့ ဂျိုတွေပါတယ်။ ရုပ်တွေကလည်း ဆိုးဆိုးကြမ်းကြမ်းကြီးတွေကွ၊ နေပါဦး တာတေရ၊ မင်း ဒီအထဲကို ဝင်လာတော့ သူတို့ မင်းကို ဝိုင်းမဖမ်းကြဘူးလား ´´
.. ``ကျုပ် အခုထိ ဘယ်သူ့ကိုမှ မတွေ့သေးဘူးဗျ ´´
.. ``ဟေ တယ်လည်းထူးဆန်းပါလားကွ၊ ဒါဆိုရင် မင်းနဲ့ငါ ဒီအဆောက်အဦးကြီးထဲက ထွက်ပြေးကြရအောင် ´´
.. ``အေး ခင်ဗျားပြောတာ ဟုတ်သားပဲ၊ ကဲလာ ကိုကြီးထွေးမောင်၊ ခင်ဗျားနဲ့ ကျုပ်နဲ့ ပြေးကြမယ်၊ ကျုပ်လက်ကို မလွှတ်နဲ့ ကိုင်ထား ကြားလား ´´
.. ကျုပ်တို့နှစ်ယောက် အဆောက်အဦးကြီးထဲက ထွက်ပြေးခဲ့ကြတယ်ဗျ။
အဆောက်အဦးကြီးရဲ့ အပြင်ဘက်မှာ အေးစက်နေတာပဲဗျို့။ ညလို မှောင်တာလည်း မဟုတ်ဘူး။ နေ့လို လင်းတာလည်း မဟုတ်ဘူးဗျ။ ကောင်းကင်းမှာ နေလည်းမရှိဘူး၊ လလည်းမရှိဘူး။ အရောင်က ပြာမှိုင်းမှိုင်းကြီးဗျ။ မှိုင်းမှိုင်းကြီးလင်းနေတာ၊ ဒါနေ့ဘက်လား ညဘက်လားဆိုတာ ကျုပ် ခန့်မှန်းကြည့်လို့ မရဘူးဗျ။
.. ကျုပ်နဲ့ ကိုထွေးမောင် အဆောက်အဦးကြီးထဲက ပြေးထွက်လာကြတာ ဒီဘုံက ဘုံသားတွေ တစ်ယောက်မှ မတွေ့ကြဘူးဗျ။ အပြင်မှာလည်း ဘယ်လို သတ္တဝါမှကို မရှိဘူးဗျ။ ကျုပ်တို့ရှေ့မှာ ကွင်းပြင်ကြီးဗျ။
.. ``လာ ကိုကြီးထွေးမောင် အဲ့ဒီ ကွင်းပြင်ကြီးထဲက ထွက်ပြေးကြမယ်
.. ကျုပ်က ကိုထွေးမောင်ကို လက်တွဲပြီး ကွင်းပြင်ကြီးထဲက ထွက်ပြေးတယ်။ ကွင်းပြင်ကြီးထဲမှာ မြက်ပင်လေးတွေ ရှိတယ်ဗျ။ ကျုပ်တို့က ဖိနပ်ပါတာမှ မဟုတ်တာ၊ မြက်တွေကို နင်းပြီး ပြေးရတာပေါ့ဗျာ။
.. ကျုပ်နဲ့ ကိုထွေးမောင် တော်တော်လေး ပြေးမိတဲ့အခါ အဆောက်အဦးကြီးတစ်ခုရှေ့ကို ရောက်သွားကြတယ်ဗျ။ အဆောက်အဦးက အချွန်အတက်တွေနဲ့ ဗျို့။ တော်တော့ကိုကြီးတာ ကျုပ်နဲ့ ကိုထွေးမောင်နဲ့ ရပ်ပြီး အဆောက်အဦးကို မော့ကြည့်နေတုန်း...
.. ``ချွင်၊ ချွင်၊ ချွင် ´´
.. ကျုပ်တို့နောက်က ဓားတွေဆွဲထုတ်လိုက်တဲ့အသံတွေ ကြားလိုက်ရလို့ ကျုပ်တို့နှစ်ယောက် နောက်ကိုလှည့်ကြည့်တယ်။
.. ``ဟာ... ဘုံသားတွေ ကျုပ်တို့ကို ဝိုင်းထားပြီဗျို့ ´´
.. ``ဟုတ်တယ် တာတေ၊ ငါ့ကိုဖမ်းတာ ဒီလူတွေပဲ ´´
.. ကျုပ် သေသေချာချာ ကြည့်လိုက်တယ်။ အားလုံးကတော့ လူပုံစံပဲဗျ။ ဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ သူတို့ စီးထားတဲ့ ဖိနပ်တွေက အရောင်တွေ တလက်လက်ထွက်နေတယ်။
.. ခေါင်းမှာလည်း ဂျိုတွေ ပေါက်လို့ဗျ။ တချို့က ခေါင်းတည့်တည့်မှာ ဂျိုတစ်ချောင်းနဲ့။ တချို့ကတော့ နဖူးတည့်တည့်မှာ ဂျိုတစ်ချောင်းနဲ့ဗျ။ ရုပ်ကြီးတွေက တော်တော်ဆိုးတာဗျ။ မျက်လုံးကြီးတွေဆိုတာ နီရဲနေတာဗျို့။
.. ဒီတော့မှ ကျုပ် သေသေချာချာ ကြည့်မိတယ်။ တချို့က မျက်လုံးနှစ်လုံး ရှိပေမဲ့၊ တချို့က မျက်လုံးတစ်လုံးထဲဗျ။ လက်ထဲမှာ ကိုင်ထားတဲ့ ဓားတွေက အရောင်တွေ တလက်လက်ထွက်နေတယ်။
.. ကျုပ်တော့ဖြင့် ဒီတစ်ခါတော့ အကျိုးနည်းပြီလို့ ထင်သွားတာဗျို့။ ကျုပ်တို့ကို ဝိုင်းထားတဲ့ ဘုံသားတွေ စုစုပေါင်း တစ်ရာကျော်လောက် ရှိမယ်ဗျ။
.. ကျုပ်တို့ နောက်လှည့်ကြည့်နေတုန်း ကျုပ်တို့ နောက်က...
.. ``ချွင်၊ ချွင်၊ ချွင် ´´
.. ဆိုတဲ့ အသံကြားလို့ နောက်ကိုလှည့်ကြည့်လိုက်တော့ ကျုပ်တို့နောက်မှာလည်း ဘုံသားတွေ တစ်ရာကျော်လောက် ရှိမယ်ဗျ။ ဓားတွေမြှောက်ပြီး ကျုပ်တို့ကို စားတော့မလို၊ ဝါးတော့မလို စိုက်ကြည့်နေတာဗျို့။
.. ကျုပ်တို့နောက်က ဘုံသားတွေက အဆောက်အဦးကြီးထဲက ထွက်လာကြတဲ့ပုံပဲဗျ။ ကျုပ်နဲ့ ကိုထွေးမောင်လည်း တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းဆုပ်ပြီး မလှုပ်မယှက် ရပ်နေကြရတာပေါ့ဗျာ။ လှုပ်လည်း မလှုပ်ရဲကြဘူးပေါ့။
.. ဒီတုန်းမှာပဲ အဆောက်အဦးကြီးထဲက အနီရောင်တောက်နေတဲ့ ချပ်ဝတ်တန်ဆာတွေ ဝတ်ထားတဲ့ ဘုံသားတွေ တန်းစီပြီး ထွက်လာတယ်။ အဲ့ဒီ အနီရောင်တွေ ထွက်လာတာမြင်တော့ ကျုပ်တို့ကို ဝိုင်းထားတဲ့ ဘုံသားတွေ ချက်ချင်းဘေးကို ရှဲသွားပြီး ဒူးတုပ်ထိုင်လိုက်ကြတယ်။ ကျုပ်တို့ကြည့်နေတုန်းမှာ အစိမ်းရောင်တောက်နေတဲ့ ဝတ်စုံနဲ့ ဘုံသားတစ်ယောက်က အနီရောင်တွေကြားထဲက ထွက်လာပြီး ကျုပ်တို့ဘက်ကို လျှောက်လာတယ်။ သူ့နောက်မှာလည်း အနီရောင်တွေက ခြံရံပြီး ပါလာတယ်ဗျ။ နေ့မှန်းညမှန်းမသိတဲ့ အပြာမှိုင်းမှိုင်းကြီးအောက်မှာ အစိမ်းရောင်တောက်တောက်နဲ့ ဘုံသားက လျှောက်လာတာ ကျုပ်တို့ဘက်ကို တဖြည်းဖြည်း နီးလာပြီဗျ။
.. ကျုပ် သူ့ကို သေသေချာချာ ကြည့်လိုက်တော့ နဖူးမှာ ဂျိုတစ်ချောင်း ပါတာကလွဲရင် ရုပ်ဆိုးဆိုးကြီး မဟုတ်ပဲ ရုပ်ရည်ချောမောလှပတဲ့ ဘုံသားဗျ။
.. ကျုပ်လည်း ကိုထွေးမောင်လက်ကို ဆောင့်ဆွဲပြီး ဒူးထောက်ထိုင်လိုက်တယ်။ သူတို့ ဘုံသားတွေ ထိုင်သလို မုဆိုးဒူးထောက် ထိုင်ရတာပေါ့ဗျာ။
.. အစိမ်းရောင် ပုဂ္ဂိုလ်ကြီးက အောင်မြင်တဲ့ အသံဩဩကြီးနဲ့ ကျုပ်တို့ကို စကားတစ်ခု ပြောတယ်။ သူပြောတဲ့ ဘာသာစကားကိုတော့ ကျုပ် တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့ သူဘာပြောတယ်ဆိုတာတော့ ကျုပ် နားလည်တယ်။ အံ့ဩစရာတော့ တော်တော်ကောင်းတာဗျ။ ကျုပ် ချက်ချင်းတွေးမိတယ်။ ကျုပ် ပြောရင်လည်း သူနားလည်မှာပဲလို့ ပေါ့ဗျာ။ သူပြောတာက...
.. ``မင်းတို့ ဘယ်ကရောက်လာတာတုံး ´´
.. ``ကျွန်တော်မျိုးတို့ လူ့ဘုံက ရောက်လာတာပါ ´´
.. ``ဘာလာလုပ်ကြတာတုံး ´´
.. ``သူပျောက်သွားလို့ ကျွန်တော်မျိုးက လိုက်ရှာတာပါ အရှင် ´´
.. ``သူ ဒီကိုရောက်လာတယ်လို့ မင်း ဘယ်လိုလုပ်သိတုံး ´´
.. ``ကုဝေရနတ်မင်းကြီးရဲ့ အစေအပါး မဖဲဝါ ပြောလို့ သိတာပါ အရှင် ´
.. အစိမ်းရောင်ဝတ် ဘုံသားကြီးက ကျုပ်ကိုစူးစိုက်ကြည့်ပြီး ခေါင်းညိတ်တယ်။
.. ``ငါတို့ဘုံကို လူ့ဘုံက လူဆိုတာတွေ တစ်ခါမှ ရောက်မလာဖူးဘူး။ မင်းတို့ ပထမဆုံးရောက်လာတာပဲ၊ မင်းတို့ လူတွေမှာ ဘုံတစ်ခုက တစ်ခုကို အခုလို သွားနိုင်တဲ့ အစွမ်းရှိသလား။ ဒါဆိုရင် ကျန်တဲ့လူတေ ဘာလို့ ရောက်မလာကြတာတုံး ´´
.. ``လူတိုင်း အဲ့ဒီလို မသွားနိုင်ပါဘူး အရှင် ´´
.. ``ဒါဆိုရင် မင်းတို့က ဘာဖြစ်လို့သွားနိုင်တာတုံး ´´
.. ကျုပ်လည်း ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူးဗျ။ ဒါပေမဲ့ ကျုပ် စိတ်ထဲမှာ ချက်ချင်းပေါ်လာတယ်ဗျို့။ ပေါ်လာတဲ့အတိုင်းပဲ ကျုပ် ပြောချလိုက်တယ်။ ကျုပ် အပြောမှားသွားလို့ကတော့ ဒီနေရာမှာတင် ကျုပ်တို့ကို စီရင်ကြမှာထင်တယ်ဗျ။
.. ``ဒီလိုပါ အရှင် ကျုပ်တို့က အခြားလူတွေနဲ့ မတူပဲ ကုဝေရနတ်မင်းကြီးကို ရှိခိုးတဲ့ နတ်မင်းကြီးရဲ့ သားတွေပါ ´´
.. ``ဪ... ဒါ့ကြောင့်ကိုး၊ ကျန်တဲ့လူတေက နတ်မင်းကြီးကို ရှိမခိုးကြဘူးထင်တယ်။ ငါတို့ ဘုံသားတွေလည်း ကုဝေရနတ်မင်းကြီးကို ရှိခိုးကြတာပဲ၊ မင်းတို့နဲ့ ငါတို့နဲ့ အတူတူပဲပေါ့ ´´
.. ကျုပ်တို့ကို ဝိုင်းထားတဲ့ ဘုံသားတွေကို ကျုပ် မသိမသာကြည့်လိုက်တော့ ကျုပ်တို့ကို ခေါင်းတညိတ်ညိတ်နဲ့ ကြည့်နေကြတယ်။ ပါးစပ်တွေကလည်း ကျေနပ်ပြီး ပြုံးနေကြတယ်။ ဒီမှာတင် အစိမ်းရောင်ဘုံသားကြီးက သူ့ဘုံသားတွေကို အမိန့်ပေးလိုက်တယ်ဗျ။
.. ``လက်နက်တွေ သိမ်းလိုက်ကြတော့။ သူတို့ လူ့ဘုံသားနှစ်ယောက်ဟာ ငါတို့လိုပဲ ကုဝေရနတ်မင်းကြီးကို ရှိခိုးကြတာ၊ ဒါ့ကြောင့်သာ လူ့ဘုံသားတွေနဲ့ မတူပဲ ထူးခြားတဲ့ အစွမ်းတွေရကြတာ။ ဒါ့ကြောင့်မို့ ငါတို့ဘုံအထိ သူတို့ရောက်လာတာပေါ့ ´´
.. ``ချွင်၊ ချွင်၊ ချွင်၊ ချွင် ´´
.. ဘုံးသားတွေအားလုံး သူတို့ဓားတွေကို သိမ်းလိုက်ကြပြီဗျို့။
.. ``ကဲ... မောင်မင်းတို့ သူတို့ကို တို့ဘုံရဲ့ ထုံးစံအတိုင်း နှုတ်ဆက်ကြရအောင် ´´
.. လို့ အစိမ်းရောင် ဘုံသားကြီး ပြောလိုက်တာနဲ့ ဘုံသားတွေ ကျုပ်တို့ကို ဝိုင်းလိုက်ကြတယ်။ ကိုထွေးမောင်ဆိုတာ ကြောက်ပြီး အသားတွေတောင် တုန်နေတာဗျို့။ ကျုပ်လည်း ကြောက်တာပဲပေါ့ဗျာ။
.. ဟော သီချင်းတွေဆိုပြီး ကျုပ်တို့ကို ဝိုင်းပတ်ပြီး ကနေကြတာဗျို့။ ဒါ အခွင့်အရေးဆိုတာ ကျုပ် ချက်ချင်းသိလိုက်တယ်။
.. ``ကိုကြီးထွေးမောင် ကျုပ်ပြောတာ နားထောင်၊ ခင်ဗျားတို့ ဝိုင်းထဲက ဘွားမယ်ခကြီး နေသွားတဲ့ အိမ်ကလေးကို ခင်ဗျားသိတယ်မို့လား ´´
.. ``အေး သိတယ် တာတေ ´´
.. ``အဲ့ဒီအိမ်ထဲမှာ ခင်ဗျားရော ကျုပ်ရော အိပ်ပျော်နေကြတယ်၊ အဲ့ဒီကို ခင်ဗျား စိတ်ညွှတ်လိုက် ´´
.. ``အေး အေး ´´
.. ကျုပ်က ကိုထွေးမောင်ရဲ့ လက်ကိုတော့ လွှတ်မပေးပဲ ကိုင်ထားရတာပေါ့ဗျာ။
.. ကျုပ် အိပ်ရာက လန့်နိုးသွားတယ်။ မှန်အိမ်အလင်းရောင် ဖျော့ဖျော့လေးအောက်မှာ ဆန့်ဆန့်ကြီးအိပ်နေတဲ့ ကိုထွေးမောင်ကို ကျုပ် ငုံ့ကြည့်လိုက်တယ်။
.. ဟာ ကိုထွေးမောင် ပါမလာဘူးထင်တယ်။ ကျုပ်စိတ်ထဲမှာ တအားကို ပူသွားတာဗျို့။
.. ``ကိုကြီးထွေးမောင်၊ ကိုကြီးထွေးမောင် ´´
.. ကျုပ် အလန့်တကြားနဲ့ ကိုထွေးမောင်ကို လှုပ်နှိုးလိုက်မိတယ်။
.. အင်။
.. ဟော ပါလာတယ်ဗျို့၊ ပါလာတယ်၊ နိုးလာပြီဗျို့။
.. ``ကိုကြီးထွေးမောင်၊ ကိုကြီးထွေးမောင် ´´
.. ဟော မျက်စိတွေ ပွင့်လာပြီ။ ပွင့်လာပြီ....
.. ``တာတေ၊ ငါတို့ ဘယ်ရောက်နေတာတုံး၊ ဟိုဘုံသားတွေရော ´´
.. ``ကျုပ်တို့ အိမ်ပြန်ရောက်ပြီလေဗျာ ´´
.. ``ဟ ငါ့နှာခေါင်းထဲက ဘာကြီးတုန်းကွ ´´
.. ``ဟာ ခဏနေဦး၊ အဲ့ဒါ ခင်ဗျား မေ့နေတုံးက အစာသွင်းပေးရတဲ့ ပိုက်ဗျ ´´
.. ကျုပ်က ကပျာကယာထပြီး မှန်အိမ်ကို မီးမြှင့်လိုက်တယ်၊
.. ``ကိုကြီးဘသစ်၊ ကိုကြီးထွန်းဖေ ´´
.. ``ဟေ တာတေ၊ ဘာ ဘာဖြစ်တုံး ´´
.. ``လာကြ၊ လာကြ၊ ဒီမှာ ကိုကြီးထွေးမောင်ကို ကျုပ် ပြန်ခေါ်လာပြီ၊ သတိရသွားပြီဗျို့ ´´
.. ``ဟေ ဟုတ်လားကွ တာတေ ´´
.. ကိုဘသစ်တို့အုပ်စု အိမ်ထဲဝင်လာကြတယ်။ ငုတ်တုတ်ကြီးထိုင်နေတဲ့ ကိုထွေးမောင်ကို တွေ့လိုက်ကြတော့မှ...
.. ``ဟား၊ ဟား၊ ဟား၊ ဟား ´´
.. ``ကိုထွေးမောင်ရာ ခင်ဗျားဗျာ တော်တော်ကို အလည်ကြူးတဲ့လူပဲဗျာ ´´
.. ``ကဲ ကဲ ကိုထွေးမောင်တို့ အိမ်သားတွေ နှိုးလိုက်ဟေ့ ´´
.. တစ်ယောက်တစ်ပေါက်နဲ့ ဆူညံသွားတာဗျို့။
.. ``ကိုကြီးဘသစ် အခု ဘယ်အချိန်ရှိပြီတုံး ´´
.. ``မနက်လေးနာရီခွဲပြီကွ၊ မိုးလင်းကာနီးနေပြီ ´´
.. ``ကျုပ်သွားတာ ဘယ်လောက်ကြာတုံးဗျ ´´
.. ``သုံးရက်ရှိပြီလေကွာ ´´
.. ``ဗျာ သုံးရက် ဟုတ်လား၊ ကျုပ်ဟိုမှာ ငါးမိနစ်လောက်ပဲ ကြာတာဗျ ´´
.. ``ဟေ ဟုတ်လား ´´
.. ``ကိုထွေးမောင်ကပြောတယ်၊ သူရောက်တာ တစ်ညတောင် မကုန်သေးဘူးတဲ့ဗျ ´´
.. ``ဟာ ကိုထွေးမောင်ရာ ဒီမှာဖြင့် ခင်ဗျားအတွက် ဒုက္ခတွေ ရောက်လိုက်ကြတာဗျာ၊ တာတေသာ လိုက်မခေါ်နိုင်ရင် ခင်ဗျား ဘယ်တော့မှ ပြန်ရောက်လာမှာ မဟုတ်ဘူးဗျို့ ´´
.. ``ဟုတ်တယ် ထွန်းဖေရာ၊ ငါ့ညီ တာတေရဲ့ ကျေးဇူးကို ငါ ဘယ်တော့မှ မမေ့ပါဘူးကွာ ´´
.. ခဏနေတော့ ကိုထွေးမောင်တို့ အိမ်သားတွေ နိုးလာပြီး သူ့အစ်မတွေက ကိုထွေးမောင်ကို ဖက်ပြီး ငိုကြပါလေရောဗျာ။ အဲ့ဒီနေ့က မိုးလင်းမှပဲ ကျုပ် အိမ်ပြန်လာခဲ့တော့တယ်။

ပြီးပါပြီ

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)