ဂူဖောက်သူ (စ/ဆုံး)


ဘိန်းစာဘစိန်က ပြောစရာရှိတာပြောပြီး
ဂူကြီးပေါ်ကနေ ကုတ်ဖဲ့ဆင်းလာတယ်ဗျ။
အောက်ရောက်တော့ သူယူလာတဲ့ အိတ်
ကြီးထဲကနေ သံစို့ကြီးတွေ၊ သံကလော်နဲ့
တူကြီးကို ထုတ်တယ်ဗျ၊ တူကတော့
ခြောက်ပေါင်းတူကြီးဗျ။
"ကဲ…တာတေရေ တို့လုပ်ငန်းစကြစို့ဟေ့၊
ငါဖောက်လို့ လွယ်မဲ့နေရာကိုကြည့်ထား
တယ်ကွ၊ ဟောဒီဘေးဖက်က အုတ်တွေ
က အနောက်ဘက်ဆိုတော့ မိုးရေအထိ
များပြီး ပိုဆွေးနေတာကွ၊ အဲဒီဘက်က
ဖောက်ရမယ်"
"ဟာ ကိုကြီးဘစိန် သံစို့တွေရဲ့ အနောက်
ဘက်မှာ ပုဆိုးစုတ်တွေ ပတ်ထားပါလားဗျ"
"အေးလေကွာ ဒါမှတူနဲ့ရိုက်ရင် အသံ
မထွက်မှာပေါ့"
"အော် ဒီလိုလား ကိုကြီးဘစိန်က အလုပ်
လုပ်တာ တော်တော်သေသပ်တာပဲ"
"ဒါပေါ့ တာတေရာ ဘာပဲလုပ်လုပ် စနစ်
တကျသာလုပ်ကွ။သတိဆိုတာ ပိုတယ်လို့
ရှိတာမဟုတ်ဘူးကွ"
ပြောပြောဆိုဆို ဘိန်းစားဘစိန်က သူ့ရဲ့
ခါးကိုင်းကိုင်းကြီးကို ကုန်းပြီး အုတ်ဂူရဲ့
ဘေးဘက်ကနေစပြီး ဖောက်တော့တာပဲ
ဗျို့။ဟုတ်သားဗျ။ တူထုတဲ့ အသံက ခပ်
အုပ်အုပ်ပဲ ထွက်လာတယ်
"ဒုတ်…ဒုတ်…ဒုတ်…ဒုတ်"
ဘိန်းစားဘစိန်က သုံးလေးချက်ဆက်ရိုက်
လိုက်၊ အသာရပ်လိုက်၊ ဘေးဘီကအသံကို
နားစွင့်လိုက်နဲ့ လုပ်နေတာဗျ။ ကျုပ်ကလည်း
ပတ်ဝန်းကျင်ကို အကဲခတ်ပေးနေရတာပေါ့
ဗျာ။ ဆွေးနေတဲ့ ကွန်ကရစ်တွေက ဖွားခနဲ
ဖွားခနဲ ပဲ့ကြတာပေါ့ဗျာ။ ခဏကလေးနဲ့
အထဲက အုတ်တွေပေါ်လာတယ်ဗျ။
ကိုဘစိန်ကြီးက အထဲက အုတ်တွေကို
ထပ်ဖောက်တယ်။ သူထင်သလောက်
တော့ မလွယ်ဘူးဗျ။ရှေးခေတ်က အုတ်
သရိုးကိုင်တာ တော်တော်ကောင်းတာပဲ
ကို။ ဘိန်းစားဘစိန်ကြီး ချွေးတောင်ပြန်
လာပြီဗျို့။ နောက်တော့မှ အုတ်တစ်လုံး
ပဲ ထွက်လာတယ်
အဲဒီထွက်လာတဲ့ အုတ်ကို ကျုပ်က
အသာကလေးဆွဲထုတ်လိုက်တယ်ဗျ။
ကိုဘစိန်ကြီးက နောက်တစ်လုံးထပ်
ဖဲ့ပြန်တယ်။ အုတ်ကလည်း တော်တော်
ကောင်းတာဗျ။ မီးကိုတော်တော်ကျက်
ထားပုံရတယ်။ ထန်ခနဲ ထန်ခနဲ နေတာဗျ။
ဒါပေမဲ့ တစ်လုံးထွက်သွားပြီဆိုတော့
ပိုပြီးတော့ ဖဲ့ရတာလွယ်လာပါတယ်
ဟော နောက်တစ်လုံး…
"ဒုတ် …ဒုတ်…ဒုတ်…ဒုတ်"
ဟော နောက်တစ်လုံးဗျ။ကိုဘစိန်ကြီးလည်း
ချွေးတွေပြန်နေပြီဗျ။
"ကိုကြီးဘစိန် ပေးလေ ကျုပ်တလှည့်လုပ်မယ်"
"ဟာ နေပစေ တာတေ ငါလုပ်မယ်၊ အချိန်အဆ
သိမှ ဖြစ်မှာကွ၊ဂူကြီးကဟောင်းနေတာ မတော်
ပြိုကျလို့ ပိသွားပါဦးမယ်ကွာ"
"ဝူး…ဝူး …ဝူး…ဝူး"
ဒီချိန်မှာပဲ သင်္ချိုင်းအနောက်ဘက်က
ဆွဲဆွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံကြီးကို
ကြားလိုက်ရတယ်ဗျ ။ ကျုပ်လည်း ခွေးအူသံ
ကြားတဲ့ဘက်ကို လှည့်ကြည့်မိတယ်။ကိုဘ
စိန်ကြီးတောင် တူထူတာ ရပ်သွားတယ်ဗျ။
သူလည်း ခွေးအူသံကို နားစွင့်နေပုံရတယ်ဗျ။
"ဝူး …ဝူး …ဝူး…ဝူး"
ကျုပ်စိတ်ထဲတော့ ခွေးအူသံကြီးက တဖြေး
ဖြေး ရွေ့လာနေသလိုပဲဗျ။ဘိန်းစားဘစိန်
ကြီးကတော့ အုတ်တွေတစ်လုံးပြီး တစ်လုံး
ထုတ်တော့တာပါပဲ။ခဏကြာတော့ ဂူပေါက်
ကတော်တော်ကျယ်သွားပြီဗျ။ လူတစ်ယောက်
ခပ်ကျယ်ကျယ် တိုးဝင်လို့တော့ရသွားပြီ။
"ဒီလောက်နဲ့မရသေးဘူးကွ၊အရေးအကြောင်း
ဆို ချက်ချင်းပြန်ထွက်လို့ရမှာ ဖြစ်မှာ"
"ဒုတ် ဒုတ် ဒုတ် ဒုတ်"
ဆက်ထုတယ်၊ အုတ်ခဲတွေလည်း ဘေးမှာ
ပုံလာပြီ၊ကိုဘစိန်ကလည်း ဂူကိုသေသေ
သပ်သပ်ကိုဖောက်နေတာဗျို့။တော်တော်
ကြာတော့မှ ကိုဘစိန်က ဂူပေါက်ကြီးကို
သေသေချာချာကြည့်ပြီး…
"ကဲ ဒီလောက်ဆိုရပြီကွ။ ဂူကြီးက အကျယ်
ကြီးပါလားကွ၊ နေဦး တာတေ ငါ့အိတ်ထဲ
မှာ ဓါတ်မီးတစ်လက်ပါတယ်ကွ"
ကျုပ်က ဘိန်းစားဘစိန်ရဲ့အိတ်ကြီးထဲက
ဓါတ်မီးနှိုက်ယူလိုက်တယ်ဗျ။ သုံးတောင့်
ထိုး ဓါတ်မီးဗျ။
"ရော့ ကိုကြီးဘစိန် ဓါတ်မီး"
"ဟာ အဲဒါ မင်းယူထား မင်းက ငါ့ကိုမီးထိုး
ပြရမှာ မီ်းကိုအောက်စိုက်ပြီး ခပ်အုပ်အုပ်
ထိုးနော် ဘေးကိုဝေ့ မထိုးမိစေနဲ့။ဓါတ်မီး
အရောင်ဆိုတာ တော်တော်ဝေးဝေးက
မြင်ရတာကွ"
"စိတ်ချ စိတ်ချ ကိုကြီးဘစိန်"
"ဟို ပလယာနဲ့ သံကလော် ယူလိုက်၊
ငါ့ကိုပေး"
ကျုပ်ကလည်း သူခိုင်းတဲ့အတိုင်း ပလယာ
နဲ့ သံကလော်အတိုကလေးကို ယူပေးလိုက်
တယ်။
"ကဲ ငါအရင်ဝင်မယ် ပြီးမှ မင်းဝင်ခဲ့"
ပြောပြောဆိုဆို ဘိန်းစားဘစိန်က ပုဆိုးကို
ခါးတောင်းကြိုက်လိုက်တယ်။ကျုပ်လည်း
သူလုပ်သလို လိုက်လုပ်လိုက်တယ်။ကို
ကြီးဘစိန်က ခါးတောင်းကြိုက်ကြီးနဲ့
အရင်ဝင်လိုက်တယ်။ ကျုပ်က ဓါတ်မီး
ကို အောက်စိုက်ပြီး ခပ်အုပ်အုပ်ထိုးပေး
လိုက်တယ်။ ပြီးတော့မှ ကျုပ်ပါ အထဲ
ကို ဝင်လိုက်တယ်။
ဂူကြီးက အထဲမှာလည်း တော်တော်
မြင့်တာပဲဗျ။ ကျုပ်အရပ်သာကလေး
လွတ်တယ်ဗျ။ သစ်သားခေါင်းကြီးက
တော့ အကောင်းကြီးဗျ။ ကျွန်းသား
ခေါင်းကြီးကိုး။ ကောင်းမှာပေါ့။
ကျုပ်က ခေါင်းကြီးကို မီးထိုးပြထားတယ်။
ဘိန်းစားဘစိန်က ခေါင်းကိုအဖုံးဖွင့်ပြီး
ကြိုးစားတယ်။
"တော်တော်သေသပ်တဲ့လက်ရာတွေ၊
ဒါတရုတ်လက်သမားတွေစပ်တဲ့ ခေါင်းပဲ"
ဘိန်းစားဘစိန်က သံကလော်ကို တစ်နေရာ
မှာ စိုက်ချပြီး လက်ဖနောင့်နဲ့ ရိုက်ကြည့်တယ်။
"မရဘူးကွ တာတေ ဂူပြင်ပြန်ထွက်ပြီး
တူနဲ့ စို့ သွားယူ ဓါတ်မီးငါ့ကိုပေးခဲ့"
ကျုပ်လည်း ဂူပြင်ပြန်ထွက်လိုက်တယ်။
"ဝူး …ဝူး…ဝူး…ဝူး…"
ခွေးအူသံကြီးက ဆွဲဆွဲငင်ငင်ထွက်လာပြီ
ဒီတစ်ခါ အသံက တော်တော်ကို နီးနေသလိုပဲ
ဗျ။ ကျုပ်လည်း တူနဲ့သံစို့ကို ကောက်ယူလိုက်
ပြီး ဂူထဲကို ခပ်သုပ်သုပ်ပြန်ဝင်လိုက်တယ်
ဘိန်းစားဘစိန်က ကျုပ်ကို ဓါတ်မီးထိုးပြတယ်
"ပေး ငါ့ကို မင်းဓါတ်မီးထိုးပြ"
ကျုပ်လက်ထဲက သံစို့နဲ့ သံကလော်
ဆွဲယူလိုက်တယ်။
"ဘုတ်…ဘုတ်…ဘုတ်…ဘုတ်"
ကျွန်းခေါင်းကြီးကို သံစို့နဲ့ ရိုက်ပြီးအစ
လန်အောင် လုပ်နေတယ်။ပြီးတော့
သံကလော်နဲ့ ကလော်တယ်။
"ကျွိ"ဆိုတဲ့အသံကြီး ထွက်လာပြီး၊
ခေါင်းဖုံးကြီးနည်းနည်းဟလာတယ်
ဘိန်းစားဘစိန်က လန်သွားတဲ့ နေရာ
ကစပြီး သံကလော်နဲ့ လိုက်ကလော်တယ်။
"ကျွိ …ကျွိ …ကျွိ"
သံတွေတစ်ချောင်းပြီး တစ်ချောင်း
ကျွတ်ကုန်ပြီ။ နောက်ဆုံးတော့
ခေါင်းဖုံးကြီးပွင့်သွားပြီ။ ကိုဘစိန်က
ခေါင်းဖုံးကြီးကို မယူပြီး ဘေးကို တွန်းချ
လိုက်တယ်။ ကျုပ်က ဓါတ်မီးကို ခေါင်းထဲ
ထိုးလိုက်တယ်။
"ဟင် အမှုန့်တွေ ဖြစ်နေပါလား"
"ဖြစ်ပြီပေါ့ တာတေရာ အနှစ်ငါးဆယ်တောင်
ကျော်ပြီဆိုတော့ မြေကြီးဖြစ်ပြီပေါ့၊ ခေါင်းခွံနဲ့
လက်ဖျံရိုးတော့ ကျန်နေသေးတာပဲ"
ပြောပြောဆိုဆို ကိုဘစိန်ကြီးက ခါးကိုင်းကိုင်း
ကြီးကို ကုန်းလိုက်ပြီး အမှုန့်တွေထဲမှာ တစ်
ခုခုကို လိုက်စမ်းတယ်ဗျ။ တော်တော်ကြာ
အောင် စမ်းပြီးတော့မှ လက်ထဲမှာ တစ်ခုခု
ကို ဆုပ်ထားတယ်။ လက်ကိုလည်း ဆကြည့်
သေးတယ်ဗျ။
"အင်း ဟုတ်လောက်ပါတယ်"
လို့ တစ်ယောက်တည်းပြောပြီး ကျုပ်ထိုး
ပြထားတဲ့ မီးရောင်အောက် သူ့လက်ကို
ဖြန့်ပြီးကြည့်တယ် မဲမဲအရာတစ်ခုကို
လက်နှစ်ဖက်နဲ့ ပွတ်တိုက်ကြည့်တယ်။
"ဟာ လက်စွပ်ကြီး"
"အေးလေ ငါတို့လာရှာတဲ့ဟာပေါ့ကွ
တာတေရ"
ပြောပြောဆိုဆိုနဲ့ ပုဆိုးခါးပုံစကို ဆွဲပြီး
တိုက်နေပြန်တယ်။ ခဏကြာအောင်
တိုက်ပြီးမှ မီးရောင်အောင်ကို ထုတ်
ကြည့်တယ်။
"ဟာ ကျောက်စိမ်းကြီးဗျ တောက်နေတာပဲဗျ။
ရွှေကလည်း ဝင်းနေတာပဲဗျို့"
"ရော့ ယူထား၊ အိတ်ကပ်ထဲကို
ထည့်ထားလိုက်"
ကျုပ်က ကျောက်စိမ်းလက်စွပ်ကို အိတ်ကပ်ထဲ ထည့်လိုက်တယ်။ကျုပ် တော်တော်ပျော်သွားတာဗျို့။
ဘိန်းစားဘစိန်ကြီးကတော့ အမှုန့်တွေထဲမှာ
လိုက်စမ်းနေပြန်တယ်။ ပြီးတော့ ဆွဲထုတ်လိုက်
တယ်။ ပုဆိုးနဲ့ ပွတ်လိုက်၊ မီးရောင်မှာကြည့်လိုက်
လုပ်ပြီးရော…
" ဒါလည်း အိတ်ထဲထည့်ထာ
ရွှေဒင်္ဂါးတွေကွ။ ရှိသေးသလား။ငါရှာကြည့်
ဦးမယ်။ ဟောဒီမှာတစ်ပြား။ ဟာ ဒီမှာဘက်
တစ်ပြား။ မရှိတော့ဘူး ထင်တယ်ကွ ။
ဒီသုံးပြားပဲ ထည့်ပေးလိုက်တာထင်တယ်။
ကဲ ရော့ မင်းအိတ်ထဲကို သေသေချာချာ
ထည့်ထားတာတေ"
ကျုပ်လည်း ဘိန်းစားဘစိန်လုပ်ခိုင်းတဲ့အတိုင်း
သေသေချာချာ အိတ်ထဲကိုထည့်လိုက်တယ်။
ကိုဘစိန်က ခေါင်းခွံကြီးကိုယူပြီး ပါးစပ်ထဲက
သွားတွေကို ပွတ်ကြည့်နေတယ်။
"ဟာ ဟုတ်သားပဲကွ၊ အားလုံးရွှေသွားတွေဟ
ပေးစမ်း၊ ငါ့ကို ပလယာ"
ကျုပ်က ပလယာလှမ်းပေးလိုက်တယ်။ကိုဘစိန်
ကြီးက ခေါင်းခွံကြီးထဲက သွားတစ်ချောင်းကို
ဆွဲနှုတ်လိုက်တယ်။ ပြီးတော့ ကျုပ်ကိုလှမ်း
ပေးတယ်။ ကျုပ်ကလည်း လက်ဝါးဖြန့်လိုက်
တယ်။ ကိုဘစိန်က သူ့ပလယာမှာ ညှပ်
ထားတဲ့ သွားကို ကျုပ်လက်ဖဝါးထဲ ထည့်
လိုက်တယ်။ ကျုပ်ကလည်း တစ်ဖက်အိတ်
ကပ်ထဲထည့်လိုက်တယ်။ကျုပ်အင်္ကျီက
အိတ်ကပ်နှစ်ဖက်ပါတဲ့ အင်္ကျီလေဗျာ။
"ရော့ ဒီမှာ နောက်တစ်ချောင်း"
ကျုပ်ကလည်း အိတ်ကပ်ထဲ ထည့်လိုက်တယ်။
နောက်ချောင်း၊ နောက်ထပ်တစ်ချောင်း၊အားလုံး
ကိုးချောင်းရှိပြီဗျ။
"ဟီး ဟီး ဟီး ဟီး ဟီး"
"ဟင် ဘာသံကြီးလဲဗျ၊ ဂူပေါ်က လာတဲ့
အသံကြီးဗျ"
ကျုပ်ရော ကိုဘစိန်ကြီးပါ လန့်သွားတယ်ဗျ"
"ဟား…ဟား…ဟား…ဟား…ဟား"
ရယ်သံကြီး တစ်မျိုးပြောင်းသွားတယ်။
"ဝူး…ဝူး…ဝူး…ဝူး…"
စောစောက ကြားနေတဲ့ ခွေးအူသံကြီး
ကလည်း ဂူနားက ကပ်ထွက်လာနေတယ်
"ဘယ်လိုလုပ်ကြမလဲ ကိုကြီးဘစိန်"
"ဒါမဖဲဝါပါကွ၊ ငါကျွေးမွေးထားတာကို
လာစားနေတာ ဖြစ်မှာပေါ့၊ ဒီတော့ ဒီလိုလုပ်
မင်းဂူထဲက ထွက်ပြီး တစ်ချိုးတည်း ထွက်ပြေး
ပေတော့ ငါက နောက်က ထွက်မယ်"
"ဟာ ကျုပ်ရှေ့က မထွက်ရဲဘူးဗျ၊
ကိုကြီးဘစိန် အရင်ထွက်ဗျာ ခင်ဗျားပြေးတဲ့
နောက်ကို ကျုပ်လိုက်ပြေးမယ်ဗျာ"
"ကဲ ဒါဆိုရင် ငါအရင်ထွက်မယ် ဒီပစ္စည်း
တွေတော့ ထားခဲ့တော့မယ် အခြေအနေ
ကြည့်ပြီးတော့ လာယူသင့်လည်း လာယူ
မယ်။ ဓါတ်မီးတော့ မင်းယူသွား ခါးမှာ
ထိုးလိုက်၊ ကဲ ငါထွက်ပြီ"
ပြောပြောဆိုဆို ကိုဘစိန်ကြီးက ဖောက်
ထားတဲ့ ဂူပေါက်ကြီးထဲ ခါးကိုင်းကိုင်းကြီး
နဲ့ ငုံ့ထွက်လိုက်တယ်။
"အင့်"
ဂူပေါ်က လက်ကြီးတစ်ချောင်းကကိုဘစိန်ကြီးရဲ့
ဆံပင်ဘုတ်သိုက်ကြီးကိုဆောင့်ဆွဲလိုက်တယ်"
"တာတေ ပြေးတော့ "
ကျုပ်လည်း ဂူပေါက်ကြီးထဲကနေ ခုန်ထွက်ပြီး
ကျုပ်လာတဲ့ လမ်းအတိုင်းပြေးခဲ့တယ်၊ နောက်
ကိုတော့ တစ်ချက်မှ လှည့်မကြည့်ရဲဘူးဗျာ။
ကိုကြီးဘစိန်ကို ဒီအတိုင်းပဲ ပစ်ထားခဲ့ရတော့
တာပေါ့။ ကျုပ်ပြေးလာလိုက်တာ ဘန့်ဘွေး
ကုန်း သုသာန်အဝင်ဝကိုတောင် မြင်နေရပြီ။
ဒီတုံးမှာပဲ သင်္ချိုင်းဝမှာ ဘွားခနဲ ပေါ်လာတဲ့
အရိပ်လိုလိုကြီးတစ်ခုလို လှမ်းတွေ့လိုက်ရ
တယ်ဗျ။ ကျုပ်မြင်ရတာတော့ ဖြူဖြူကြီးဗျ။
ဆံပင်ဖားလျားကြီးချလို့၊ ကျုပ်လည်း တုန့်
ခနဲ ရပ်လိုက်မိတယ်။ ဖြူဖြူကြီးက ကျုပ်
ဘက်ကို လက်ဝါးကြီး ဖြန့်ပြတယ်။
တောင်းနေတာဗျ။ သူ ကျုပ်ဆီက တစ်ခုခု
ကို တောင်းနေတာ။ ကျုပ်သတိရပြီး အိတ်
ကပ်ထဲက ရွှေဒင်္ဂါးပြားသုံးပြားကို ထုတ်ယူ
ပြီး အဲဒီဖြူဖြူကြီးရှိတဲ့ဘက်ကို လှမ်းပစ်
လိုက်တယ်။ ဖြူဖြူကြီးက လေထဲမှာ
ခုန်ပြီး ရွှေဒင်္ဂါးသုံးပြားကို လက်နဲ့ဝှေ့ပြီး
ဖမ်းလိုက်တယ်။
ကျုပ်က ရပ်ကြည့်နေတုံးမှာ လက်ဝါးကြီး
ထပ်ဖြန့်ပြတယ်။ ကျုပ်က ဒီဘက်အိတ်ထဲက
ရွှေသွားတွေကို အကုန်ဆုပ်ပြီး သူ့ဆီကို
လှမ်းပစ်လိုက်တယ်။ ခုနကလိုပဲ လေထဲမှာ
ခုန်ပြီး ဝှေ့ဖမ်းသွားပြီးတယ်။ ပြီးတော့ ကျုပ်
ဘက်ကို လှည့်ပြီး လက်ဝါးဖြန့်ပြန်တယ်
ဒီတစ်ခါတော့ လက်စွပ်တောင်းမှန်း
ကျုပ်သိတယ် ဒါတော့ ကျုပ်မပေးနိုင်
တော့ဘူး။
ကျုပ်ချက်ချင်းပဲ ညာဘက်ကို ချိုးပြီး
ပြေးတယ် ဖြူဖြူကြီးကလည်း ရိပ်ခနဲ
ပျောက်သွားပြီး ကျုပ်ပြေးတဲ့လမ်းတည့်
တည့်မှာ ပိတ်ရပ်နေပြန်တယ်။ကျုပ်နဲ့တော့
သိပ်မနီးဘူးဗျ။ သူ့ကိုလရောင်အောက်မှာ
ဖြူဖြူကြီးတစ်ခုလို့ပဲ သိရတာ။ကျုပ်ဘက်ကို
လက်ကြီးဖြန့်နေပြန်တယ်။ကျုပ်ဘာလုပ်ရ
မှန်း မသိတော့ဘူးဗျ။
"ဟီး…ဟီး…ဟီး…မဖဲဝါဟဲ့"
"ဟာ"
ကျုပ်တစ်ကိုယ်လုံး ကြက်သီးဖျန်းကနဲ
ထသွားတယ်။ ကျုပ်လည်း နှမြောတဲ့စိတ်
တွေပျောက်သွားပြီး အိတ်ထဲကို ကပျာကယာ
နှိုက်ပြီး လက်စွပ်ကြီးကို ထုတ်ယူလိုက်တယ်။
ကျုပ်စိတ်ထင် အရပ်ကြီးက ရှစ်ပေ ကိုးပေ
လောက်မြင့်တယ်ဗျ။ ရုပ်တော့ ကျုပ်မမြင်
ရပါဘူး။ မမြင်ရပေလို့ပေါ့ဗျာ။မြင်ရရင်လည်း
အသက်ပါထွက်သွားမလား မပြောတတ်ဘူး။
ကျုပ်လက်စွပ်ကြီးကို တစ်ချက်ငုံ့ကြည့်ပြီး
သူ့ကို လှမ်းကြည့်လိုက်တယ်
"နင့်ဟာမဟုတ်ဘူး၊ တရုတ်ဟာ ပေး"
အသံကြီးက ပီပီသသမဟုတ်ဘူးဗျ။
ဒါပေမဲ့ သူပြောတာကို နားတော့လည်ပါတယ်။
ကျုပ်ချက်ချင်းပဲ လှမ်းပစ်လိုက်တယ်။
စောစောကလိုပဲ။လေထဲမှာ ခုန်ပြီးဖမ်းလိုက်
တယ် ပြီးတော့ အဲဒီဖြူဖြူကြီးက မြေကြီး
ပေါ်ကိုပြန်မကျတော့ဘူးဗျ။ လေထဲမှာတင်
ပျောက်သွားတယ်။ ကျုပ်ကိုတောင် အေး
စက်နေတဲ့လေတွေ၊ ဟပ်သွားတယ်ဗျ။
နောက်ပြန်လှည့်ပြီး သင်္ချိုင်းအဝကို စွတ်
ပြေးတော့တာပေါ့ဗျာ။
ဆွဲဆွဲငင်ငင်အူနေတဲ့ ခွေးအူသံကြီးက
တဖြေးဖြေးဝေးသွားသလိုပဲဗျ။
ကျုပ်လည်းအသက်လုပြေးရတော့တာပေါ့ဗျာ။
ကိုကြီးဘစိန်တော့ ဘာဖြစ်တယ် မသိဘူးဗျာ။
သူ့ကိုလည်း ပြန်မကြည့်ဝံ့တော့ဘူးဗျို့။
ထနောင်းကုန်းကိုပြန်ရောက်တော့မှာပဲ။
ကျုပ်ခါးကခါးတောင်းကျိုက်ကြီးကို ဖြုတ်ချ
လိုက်ရတော့တယ်ဗျို့။ ကျုပ်လည်း
မန်ကျည်းပင်ကြီးတစ်ပင်နောက်မှာ
အသာဝင်ထိုင်ပြီး အမောဖြေရတော့
တာပေါ့ဗျာ။
ပြီးတော့မှ မျက်နှာက ချွေးသီးချွေး
ပေါက်တွေ သုတ်ပြီး ပွဲဈေးတန်းဘက်ကို
ဟန်မပျက် လျှောက်လာခဲ့ရတယ်။
တရုတ်အပိန်ရဲ့ ခေါက်ဆွဲကြော်ဆိုင်ထဲ
တန်းဝင်လိုက်ပြီး…
"ဟေ့ ကိုပိန် ကျုပ်ကို ရမ်သုံးပတ်နဲ့ ဆော်ဒါ
တစ်လုံးပေးဗျာ ရေခဲရောရသေးလား"
"ဟာ ရတာပေါ့ တာတေရ၊ မင်းလည်း ခုမှပဲ
ရောက်လာတော့တယ်၊ ဘာလဲ အလုပ်များ
နေလို့လား"
"ဟုတ်ပဗျာ၊ ကိုပိန်ရာ ဒီနှစ် ပရိတ်သတ်
ပိုများတော့ ပိုထိန်းပေးရတာပေါ့ဗျာ။
ခင်ဗျားကော"
" ဒီနှစ်တော်တော်ရောင်းရပါတယ်ကွာ
အခုထိ လူပြည့်နေတာသာ ကြည့်လေ
တာတေရာ"
"ဝမ်းသာပါတယ်ဗျာ ဝမ်းသာပါတယ်"
"ရော့ ရမ်နဲ့ဆိုဒါ ဒီမှာရေခဲတုံး ဟောဒါက
အပိန်ကြွေးတာ အခေါက်ကင် ပိုက်ဆံမပေးနဲ့
ရမ်ဖိုးပဲ ပေးခဲ့"
ကျုပ်လည်း အပိန့်ချပေးတဲ့ ရမ်ထဲကို ဆော်ဒါ
ရောပြီး ရေခဲတစ်တုံးထည့်ပြီး တစ်ချက်တည်း
မော့ပစ်လိုက်တယ်။ ပြီးတော့မှ အခေါက်ကင်
ထိုင်စားတယ်။နောက်နှစ်ပတ်ထပ်သောက်တယ်
"ဟာ ကိုကြီးတာတေ ဘယ်ပျောက်သွားလဲလို့
ဒီမှာလာပြီး ဇိမ်ယစ်နေတာကိုးဗျ"
"ဟေ့ကောင်တွေ လာ ဘာသောက်မလဲ"
"မလာတော့ဘူး ကိုကြီးတာတေ ကျုပ်တို့က
အပိန့်ဆိုင်ကို ဒါသုံးခေါက်မြောက်လာတာ
ဒီမှာပဲ ထိုင်မယ်။ ကိုကြီးတာတေ အရမ်းပင်
ပန်းနေတာ ကျုပ်တို့သိပါတယ် အေးအေး
ဆေးဆေးနားပါ အားလုံး အေးအေးဆေးဆေး
ပါပဲ ပွဲလည်းငြိမ်နေတာပါပဲဗျာ"
"အေး အေး ကောင်းတယ်"
ကျုပ်မြင်ခဲ့ရတဲ့ သွေးပျက်စရာကိစ္စကြီးကို
ထိုင်တွေးရင်း မနက်(၂)နာရီထိုးလောက်မှာ
ကျုပ်လည်းမူးလာတော့ ပွဲခင်းဘက်မသွား
တော့ဘဲ။ အိမ်ကိုပဲ တန်းပြန်ခဲ့တယ်။ အိပ်
ယာထဲမှာ ချက်ချင်း မအိပ်နိုင်သေးပဲ လင်း
အားကြီးကြမှ မှေးခနဲ အိပ်ပျော်သွားတယ်။
ပွဲပြီးသွားတာ လူတွေပြန်လာကြတာတွေ
ကျုပ်ဘာမှ မသိတော့ဘူး။ ကျုပ်သိတာ
ကတော့ မဖဲဝါဆိုတဲ့ အရိပ်ဖြူဖြူကြီးက
ကျုပ်ရှေ့မှာ တဟီးဟီးရယ်နေတာကြီး
ကိုပဲ အိပ်မက်,မက်နေတာဗျို့။အဲဒီနေ့
က ကျုပ်မနက်(၁၀)နာရီလောက်မှ
အိပ်ယာက နိုးတယ်။
အဘနဲ့အမေကလည်း ကျုပ်ကို မနှိုးကြဘူးဗျ။
ကျုပ် ဒီရက်တွေ သိပ်ပင်ပန်းနေမှန်းသိကြတာ
ကိုး။ကျုပ်အိပ်ယာက နိုးပြီး မျက်နှာသစ်ပြီး
ထွက်လာတော့။ကျုပ်တို့ အိမ်မြောက်ဘက်ဝိုင်း
က အရီးရွှေမြနဲ့ အမေနဲ့ တိုးတိုးပြောနေကြတာ
တွေ့ရသဗျ။ ကျုပ်လည်းအသာမသိမသာ
နားစွင့် ကြည့်ရတာပေါ့။
"ဟဲ့ လူကလေး ဒီကိုလာဦး ခဏ"
ကျုပ် အမေနားရောက်တော့ အမေက
"နင်က ခုမှအိပ်ယာက နိုးလို့ ဘာမ
ှမသိသေးတာ တာတေရဲ့ ရွာထဲမှာတော့
ကျွတ်စီကျွတ်စီ ဖြစ်နေပြီ"
"ဟင် ဘာဖြစ်လို့တုံးဗျ"
"ဘိန်းစားဘစိန်ကြီး သေပြီဟဲ့"
"ဟင် ကိုကြီးဘစိန်က ဘာဖြစ်လို့တုံး
ညကလည်း ကျုပ်ရှိနေတာပဲ ရန်တွေ
ဘာတွေ ဖြစ်သံမကြားပါဘူး"
"ရန်ဖြစ်တာမဟုတ်ဘူးဟဲ့၊ ဘန့်ဘွေးကုန်း
သုဿန်မှာ တရုတ်ဂူဖောက်တာတဲ့ဟေ့၊
အဲဒါ သူရဲဂုတ်ချိုးသတ်တာတဲ့။ ပါးစပ်ကြီး
ထဲမှာလည်း အမဲသားတုံးကြီးတစ်တုံး ငုံလို့
တဲ့ ဂုတ်ကြီးက ကျိုးပြီးသေနေတာတဲ့ လူ
တွေ တစ်ရွာလုံး သွားကြည့်ကြလို့ ရွာထဲ
လူတောင် မကျန်တော့ဘူး နင်လည်း
သွားကြည့်ချင် သွားကြည့်ချေပေါ့"
"ဟဲ့ ငွေစိန် မရှိတော့ဘူး။ ပုလိပ်တွေ
အလောင်း သယ်သွားပြီးတဲ့ မြို့ကို
ပို့ရမှာဆိုပဲ"
"ဟင် ဟုတ်လား အရီး သယ်သွားပြီတဲ့လား"
"ကိုကြီးဘစိန်က ဘာဖြစ်လို့များ
ဂူဖောက်ရတာတုံးဗျာ"
"ဟဲ့ တာတေရဲ့ ဘစိန်က ဘိန်းစားပဲဟဲ့
သူမှာ ဘိန်းက မစားဘဲ နေလို့ ရတော့တာ
မဟုတ်ဘူးဟဲ့။ ဘိန်းဖိုးပြတ်ရင် မရရတဲ့
နည်းနဲ့ ရှာမှာပဲပေါ့။ရွာပြန်ရောက်တာ
(၂)ရက်လား ရှိသေးတာတဲ့ "
"အော် ဘိန်းစားဘစိန် ခုတော့ ဇာတ်သိမ်း
သွားပြီပေါ့။ ဆံပင်ညှပ်တာ လက်ရာကလေး
ကောင်းရဲ့သားနဲ့ ဒီဘိန်းသွားစားလို့ နာမည်
လည်းပျက်၊ အခုတော့ ဘိန်းဖိုးရှာရင်းနဲ့
သရဲဂုတ်ချိုးသတ်ခံလိုက်ရတာပေါ့လေ"
ကျုပ်လည်း အမေတို့နှစ်ယောက် ပြောဆို
နေတာတွေဆက်ပြီး မကြားချင်တော့တာနဲ့
ရွာထဲက ထွက်လာခဲ့တယ်
"ကိုကြီးတာတေ၊ ခုမှနိုးလာတာလား"
"အေးကွ ငပြူးရ ၊ ငါခုမှနိုးတာ"
"ဒါဆို ဘိန်းစားဘစိန်ကြီးသတင်း
မကြားရသေးဘူးပေါ့"
"ကြားပြီးပါပြီကွာ၊ အိမ်မှာ အရီးရွှေမြနဲ့
အမေတို့ ပြောနေကြတာ ငါကြားပြီးပါပြီ"
"ဘိန်းစားဘစိန် ဂူဖောက်တာဗျ။သရဲဂုတ်ချိုး
သတ်ခံလိုက်ရတာ။ သူ့ပါးစပ်ထဲမှာ အမဲသား
တုံးကြီးရော ထမင်းစေ့တွေရော ငုံထားဆိုပဲဗျ။
ပုလိပ်တွေက ဂူပေါ်တက်ကြည့်တော့ ဂူပေါ်မှာ
ငှက်ပျောဖက်ကြီးနဲ့ ထမင်းတွေ၊ အမဲသား
ဟင်းတွေ၊ တွေ့တယ်တဲ့ဗျ။ ကျုပ်တို့သွား
ကြည့်တော့ ဂူဘေးမှာမှီလျက်သားကြီး
သေနေတာဗျ။ ဇာက်ကြီးကျိုးကျနေတယ်။
ခါးတောင်းကြီးကလည်း ကျိုက်ထားသေး
တယ်ဗျ"
ငပြူးက သူသွားကြည့်ခဲ့တာတွေကို ကျုပ်ကို
တစ်လုံးမကျန် ပြန်ပြောပြတယ်။ ပုလိပ်တွေ
က တခြားဘယ်သူပါသေးလဲ ဆိုတာ စုံစမ်း
နေတယ်တဲ့။
ဒါပေမဲ့ အဲဒီညက ဘိန်းစားဘစိန်နဲ့ အတူတူ
ကျုပ်ပါတယ်ဆိုတာ ဒီကနေ့အထိ ဘယ်သူမှ
မသိကြပါဘူးဗျာ။ အဲ ခင်ဗျားတစ်ယောက် လွဲရင်ပေါ့လ။
တာတေ ပထမဆုံးရေးတဲ့
ကိုယ်တွေ့မဖဲဝါ စာအုပ်မှ ကောက်နုတ်
တင်ပြထားသည်။

ပြီးပါပြီ

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)