အလောင်းစားကောင်( စ/ဆုံး )



"အေး ငါဆက်ပြောဦးကွ တာတေ၊ ငါတို့
ကာလသားတွေနဲ့ ရွာထဲကယောက်ျားတွေ
ချက်ချင်းလူစုပြီး ဓါတ်မီးတစ်ယောက် တစ်
လက်နဲ့ ရွာထဲကိုပတ်ပြီး ဘိုးတုတ်အလောင်း
ကို လိုက်ရှာကြရောဟေ့။ ဘယ်မှာ ရှာမတွေ့
တော့မှ ရွာပြင်ထွက်ပြီး ရှာကြရပြန်တာပေါ့
ကွာ။ ဒါလည်း မတွေ့ဘူးကွ၊ မနက်လည်း
မိုးလင်းစပြုလာတော့တာပေါ့ကွာ။ ဒီမှာတင်
လူခွဲရှာတဲ့ တို့ရွာသားနှစ်ယောက် ပြေးချလာ
တော့တာဟေ့၊ ဘာတုံးဆိုပြီး ဆီးမေးလိုက်တော့
တို့ရွာအနောက်ဘက်က လျှိုကြီးထဲမှာ ဘိုးတုတ်
ကိုထည့်တဲ့ ခေါင်းကြီးတွေ့ခဲ့တယ်လို့ပြောတယ်
ကွ၊ ဒါနဲ့ လူတွေအားလုံး အဲဒီလျှိုကြီးထဲကို လိုက်
သွားကြတာပေါ့ကွာ၊ အဲဒီမှာ သွားတွေ့တာကွ"

"ဟေ တွေ့တယ် ဟုတ်လား ဝက်သိုး"

"အေးကွ တာတေရ၊ တွေ့တော့ တွေ့တယ်၊
ဒါပေမဲ့ ဘိုးတုတ်ရဲ့အလောင်းကို စားထားတာ
ကွ၊ အသားဆိုလို့ ဘာမှမရှိတော့ဘဲ အရိုးအ
ပိုင်း အစ အပုံကြီးပဲတွေ့တာ၊ ဒါနဲ့ ငါတို့လည်း
တိုင်ပင်ပြီး ရွာပြန်ခဲ့တဲ့လူကပြန်၊ ပေါက်တူးယူ
တဲ့လူက ယူပေါ့ကွာ။ အဲဒီအရိုးတွေကို ခေါင်း
ထဲထည့်တဲ့လူက ထည့်ပြီး လျှိုကြီးထဲမှာပဲ 
ကျင်းနက်နက်တူးပြီး မြှုပ်လိုက်ကြရတာပေါ့
ကွာ၊ တချို့မိန်းမတွေဆိုရင် ကြောက်လွန်းလို့
ငိုတောင် ငိုကြလို့ဟေ့"

ကျုပ်လည်း ဘာပြန်ပြောရမှန်းတောင် မသိပါ
ဘူးဗျာ။ ကျုပ်လည်း ဒါမျိုး တစ်ခါမှ မကြားဖူး
ပါဘူး။

"အဘ ဖိုးသူတော်ကြီးက ဘယ်လိုဖြစ်တာတုံးဗျ"

"ဒီလိုကိစ္စမျိုးမှာ လူလေးက အဘထက် ဗဟု
သုတ ပိုရှိတာပဲကွယ်၊ လူလေးတောင် မသိမှ
တော့ အဘက ဘယ့်နှယ်လုပ်သိမှာတုံး"

ဝက်သိုးလည်း ကျုပ် ဘာပြောမလဲဆိုတာ
စောင့်နေတာဗျ။ ကျုပ်လည်း ဘာပြောရမှန်း
မသိသေးဘူးပေါ့ဗျာ။

"ငါတို့ရွာက ကာလသားတွေကတော့ တာတေ့
ဆီသွားပြီး အကျိုးအကြောင်းပြော ဆိုလို့ ငါလာခဲ့တာကြ"

"ကဲ ဒီလိုလုပ် ဝက်သိုး၊ မင်း ရွာကိုသာပြန်၊
ငါ ဒီည ဒီကိစ္စ မဖဲဝါကို မေးမယ်၊ သူပြောတာ
နားထောင်ပြီးမှ လုပ်သင့်တာတွေ ငါလာလုပ်
ပေးမယ်"

"အေး ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဒါဆိုရင် ငါပြန်မယ်၊
မင်း မှာတာကို ငါရွာမှာ ပြန်ပြောလိုက်မယ်"

ဝက်သိုး အိမ်ပေါ်ကနေ ခပ်သုတ်သုတ် ဆင်း
သွားပြီး နှင်းထုထဲမှာ ပျောက်သွားတယ်။ အ
ဘရယ်၊ အမေရယ်၊ ကျုပ်ရယ် ဒီအကြောင်း
ကို ဆက်ပြောကြတယ်။ ဒီတော့မှ ကျုပ်အမေ
က အကျိုးအကြောင်း အကုန်သိသွားတာဗျို့။

"အောင်မယ်လေး တာတေရယ်၊ ငါတောင်
ကြောက်လိုက်တာဟယ်၊ နင်မဖဲဝါရော ဒီလို
ဟာမျိုးကြီးကို နိုင်ပါ့မလားဟယ်၊ တော်တော်
ကြာ မနိုင်ဘဲ သွားလုပ်လို့ နင်ပါ ဒုက္ခတွေ့နေ
ပါဦးမယ် တာတေရယ်"

"ဟာ မဖဲဝါက သူနိုင်တာ၊ မနိုင်တာကို
သိပါတယ်ဗျ"

ဒီသတင်းက နေ့လယ်လောက်ရောက်တော့
ကျုပ်တို့ရွာထဲအထိ ပျံ့လာရောဗျို့။ ကျုပ်တို့
ရွာသားတွေကို ညနေ ငါးနာရီမှာ ရွာတံခါးပိတ်
ဖို့၊ လူတွေ အိမ်ထဲမှာနေဖို့၊ မိုးချုပ်ရင် အိမ်ပြင်
မထွက်ဖို့တွေကို ဆယ်အိမ်ခေါင်းတွေက တိုး
တိုးတိတ်တိတ် လိုက်ပြောကြတာပေါ့ဗျာ။ ဒါ
ပေမဲ့ မကောင်းဆိုးဝါး ဆိုတာကတော့ ရွာထဲ
ကို ဝင်လို့ရတဲ့အဆင့်ရှိရင် ဝင်လာမှာပဲပေါ့ဗျာ
တံခါးပိတ်ထားလို့ လုံမှာမှ မဟုတ်တာ။

ညရောက်လို့ အိမ်ရာဝင်တော့ ကျုပ်က
မဖဲဝါရဲ့ ကိုယ်ခွဲ အရုပ်ကလေးကို ကိုင်ပြီး
ပြောလိုက်တယ်။

"သင်္ချိုင်းရှင်မကြီး မဖဲဝါ၊ မီးလောင်ကုန်းမှာတော့အထူးအဆန်းတွေ ဖြစ်နေပြီဗျာ။ အဲဒါ ဘာဖြစ်တာတုံးဆိုတာ ကျုပ်သိချင်လို့ပါ၊ ပြီးတော့ ရှေ့ဆက်ပြီး ဘာတွေဖြစ်ဦးမှာတုံးဆိုတာ သိချင်ပါတယ်၊ သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ အဲဒီကိစ္စတွေဒီည ကျုပ်ကို ပြောပြပါဗျာ"

ကျုပ်က သေသေချာချာ ပြောဆိုပြီးမှ မဖဲဝါ
ရဲ့ ကိုယ်ခွဲရုပ်ကလေးကို ခေါင်းအုံးအောက်
မှာထားပြီး အိပ်လိုက်တယ်။ကျုပ်အမှောင်ထဲ
မှာ စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေတာဗျို့။
ကောင်းကင်မှာ လကွေးကွေးလေး သာနေ
လို့သာ မှုန်ဝါးဝါးလေး မြင်နေတာပေါ့ဗျာ။

ကျုပ်ရောက်နေတဲ့ နေရာကို အကဲခတ်လိုက်
တယ်။ ဟာ  သင်္ချိုင်းကုန်းကြီးပဲဗျ။ သင်္ချိုင်းမှ
တော်တော်ကို ဟောင်းနေတဲ့ သင်္ချိုင်းဟောင်း
ကြီးဗျို့။ အုတ်ဂူကြီးတွေကလည်း အကြီးကြီး
တွေဗျ။ ဒါပေမဲ့ အားလုံးက ဟောင်းမဲနေပြီ။
ရိုးရိုးအုတ်ဂူဆိုတာ သိပ်မရှိဘူးဗျ။ ဒါဟာ မင်း
ဆွေမင်းမျိုးတွေ သင်္ဂြိုဟ်တဲ့ သင်္ချိုင်းဖြစ်မယ်
လို့ ကျုပ်စိတ်ထဲမှာ တွေးနေမိတာဗျ။

ဒီအချိန်မှာပဲ လေအေးတစ်ချက် ဝှေ့သွားတယ်။
ဒါ မဖဲဝါ ရောက်လာတာဗျို့။  ကျုပ် ဘေးဘီကို
လှည့်ပတ်ကြည့်လိုက်တယ်။ ဟော ဟိုမှာပဲ ဂူ
မည်းမည်းဟောင်းဟောင်းကြီးရဲ့ ဘေးမှာကပ်
ပြီး ရပ်နေတာဗျ။ဒီတစ်ခါတော့ မဖဲဝါက ကျုပ်နဲ့ အသက် အရွယ်တူ ကောင်မလေးပုံစံ မဟုတ်
ဘူးဗျ။ သူ့နဂိုပုံစံဗျို့။ ကျုပ်တောင် ကြောထဲမှာ
စိမ့်ကနဲ စိမ့်ကနဲ ဖြစ်သွားတယ်ဗျို့။ ဒါပေမဲ့
မဖဲဝါက ကျုပ်လန့်သွားမှာစိုးလို့ ထင်ပါရဲ့။

ဂူအမြင့်ကြီးဘေးမှာ  ကပ်ရပ်ပြီး သူ့မျက်နှာ
ကို အမှောင်နဲ့ ကွယ်ထားတယ်။ သူ့ကို ခပ်
ဝါးဝါးလေးပဲ ကျုပ်မြင်နေရတာဗျ။

"တာတေ၊ အဲဒါ ဖိုးသူတော်က လူ့ဘဝတုန်းက
မတော်လောဘတွေ ထားခဲ့တာ၊ သူ့ကို ခေါ်
ထားတဲ့ ဘုန်းကြီးကျောင်းပစ္စည်းတွေကို အ
မြဲခိုးဝှက်ယူတယ်။ ဆရာတော် မသိအောင်
နေ့လွဲညစာတွေ ခိုးစားတယ်၊ ရဟန်းသံဃာ
တွေကို လှူမယ့် အစားအစာတွေကို ခိုးယူ
စားသောက်တယ်။ သေတော့ ရက္ခို(ရက်ခို)
ကြီး ဖြစ်နေတာ။ အလောင်းစားကောင်ကြီး
လေ။ ငါတောင် သူ့ကို လွယ်လွယ်နဲ့နိုင်မှာ
မဟုတ်ဘူး။ နင့်ကို ငါပြောမယ် သေသေ
ချာချာ မှတ်ထား၊မနက်ဖြန်ဆိုရင် ရက္ခို
ကောင် နင်တို့ရွာကိုဝင်လိမ့်မယ့်၊ လူတစ်
ယောက် သေလိမ့်မယ်၊ညရောက်ရင် နင်က
 အလောင်းကိုဖယ်ပြီး ခေါင်းထဲဝင်နေ၊ နင့်
လက်ထဲမှာ နင့်ဆရာကြီးတွေပေးထားတဲ့ 
သိမ်ဝင်ခြေမန်းကွင်း ရှိတယ်မို့လား၊ ဒီအ
ကောင်ကြီးက လူတွေကို အိပ်ပျော်အောင်
လုပ်ပြီး ခေါင်းကို ထမ်းပြေးလိမ့်မယ်။နင် မ
ကြောက်နဲ့ နင့်နောက်က ငါလိုက်မယ်၊ခေါင်း
ဖွင့်တာနဲ့ ခြေမန်းကွင်းရအောင်သာစွပ်၊ကျန်
တာ ငါလုပ်မယ်၊ ကြားလား တာတေ"

"စိတ်ချပါ သင်္ချိုင်းရှင်မကြီး"

ကျုပ် အိပ်မက်က လန့်နိုးတော့ မနက်ငါးနာရီ
လောက်ရှိပြီ။ ကျုပ်အိပ်ရာထပြီး မျက်နှာသစ်
တယ်။ ပြီးတာနဲ့ မျက်ကွင်းဆေး သွေးပြီး ကွင်း
တယ်။ ခဏနေတော့ အဘနဲ့ အမေ နိုးလာ
ကြတယ်။

"တာတေ အစောကြီးနိုးနေပါလား၊ ကိုဥာဏ်
တော့်သားတော့ ပွေလီဖို့ပြင်နေပြီထင်တယ်"

"အဘနဲ့ အမေ မျက်နှာသစ်ကြ၊ ပြီးရင် ဘုရား
ရှိခိုးပြီး ပရိတ်တွေ ရွတ်နေကြပေတော့၊ ဒီနေ့
ဒီအကောင်ကြီး ကျုပ်တို့ရွာ ဝင်လိမ့်မယ်"

"ဟေဟုတ်လား၊ နင် သိပြီဟုတ်လား တာတေ"

ကျုပ်က အမေ့ကို ခေါင်းပဲညိတ်ပြလိုက်တယ်။
အဘနဲ့ အမေလည်း ကျုပ်ပြောတဲ့အတိုင်းလုပ်
ကြတာပေါ့ဗျာ။

"နောင် ဝေ ဝေ ဝေ"

"ဟဲ့ တာတေ လာပြီ၊ လာပြီ၊ ကြားလား 
ကြေးစည်သံ"

"ကြားတယ် အမေ၊ ဘာမှမကြောက်နဲ့၊ ပရိတ်
ပဲ ဆက်ရွတ်နေကြ"

လို့ပြောပြီး ကျုပ်က ဝိုင်းထဲပြေးဆင်းခဲ့တယ်။
ခြံထောင့်က မန်ကျည်းပင်နားမှာ ကပ်ပြီးစောင့်
နေလိုက်တယ်။

" နောင် ဝေ ဝေ  ဝေ"

" နောင် ဝေ  ဝေ  ဝေ"

ဟာ လာနေပြီဗျို့။ ကျုပ်တို့နေတဲ့ ရွာလယ်
လမ်းအတိုင်းကို လာနေတာဗျို့။ နှင်းတွေက
လည်း ပိတ်နေအောင် ကျနေတာဗျို့။ ဟာ 
လာနေပြီဗျို့။ ဟုတ်ပါ့ဗျာ။ ဖိုးသူတော်ဝဝကြီး
ဗျ။ အောက်ပိုင်းမှာ အဝတ်ဖြူစကြီး ခပ်တိုတို
ပတ်ထားတယ်။ အပေါ်ပိုင်းကတော့ ပိတ်ဖြူ
ကို တင်ရုံပဲ တင်ထားတာဗျ။ လက်က ကြေး
စည်ကိုတော့ ဆက်တိုက်ကို ထုနေတာဗျို့။

ကျုပ် သစ်ပင်ကွယ်ပြီး သေသေချာချာကြည့်
တယ်။နေ့ခင်းကြောင်တောင် ရွာထဲကိုဝင်နိုင်
တဲ့ မကောင်းဆိုးဝါးမျိုးကို ဒီတစ်ခါပဲ တွေ့ဖူး
သေးတယ်ဗျာ။ အင်းကျုပ်တို့ရွာမှာတော့
လူတစ်ယောက် သေဦးတော့မှာပေါ့ဗျာ။

"နောင် ဝေ ဝေ  ဝေ"

ကြေးစည်သံက တဖြည်းဖြည်း ဝေးသွားပြီဗျ။
ရွာအနောက်ပိုင်းကို ရောက်သွားတယ် ထင်
တာပဲ။ ကျုပ်လည်း အိမ်ပေါ်တက်ပြီး မျက်
ကွင်းဆေးကို ဝကွင်း နနွင်းဖြူဥနဲ့ ဖျက်ပစ်
လိုက်တယ်။ ကျုပ်အဘနဲ့ အမေကတော့
ပရိတ်ကို ဆက်ရွတ်နေတုန်းပေါ့ဗျာ။

ခုလောက်ဆို ကျုပ်တို့ရွာထဲက လူတွေလည်း
ဒီကြေးစည်သံကို ကြားပြီး ကြောက်လန့်နေ
ကြရောပေါ့ဗျာ။ အဘတို့ ပရိတ်ရွတ်ပြီးတော့
ကျုပ်တို့သားအမိ သားအဖတွေ၊ ခရမ်းချဉ်ပန်
ထွေဖျော်လေးနဲ့ ထမင်းကြမ်းစားကြတယ်။
စားသောက်ပြီးလို့ အကြမ်းထိုင်သောက်နေ
ကြတုန်းပဲ ရှိသေးတာဗျို့။

"ကိုကြီး တာတေ၊ ကိုကြီးတာတေ"

ဟာ ဒါ ကျောက်ခဲအသံပဲ၊ လူတော့ မမြင်ရ
သေးဘူး၊ နှင်းတွေ ပိတ်နေတာကိုဗျာ၊ ဒါပေ
မဲ့ ဒီကောင် ခေါ်ရင်း ဝိုင်းထဲ ဝင်လာနေတာ
ဗျ။ မန်ကျည်းပင်ကြီနားရောက်မှ ကျောက်
ခဲကို ကျုပ်တွေ့ရတာ။ သြော် သံမဏိလည်း
ပါတာကိုး။

"ဟေ့ကောင်တွေ လာကြ၊ အိမ်ပေါ်တက်ကြ"

ဒီကောင် နှစ်ကောင် အိမ်ပေါ်ကို ခပ်သုတ်
သုတ် တက်လာကြတယ်ဗျို့။

"ကိုကြီးတာတေ စောစောက ကြေးစည်သံ
ကြီး ကြားလိုက်သေးလား"

"ဟာ ကြားတာပေါ့ကွ ကျောက်ခဲရ၊ ကြားရုံ
တင် မကဘူး၊ ငါ အကောင်ကြီးပါ တွေ့လိုက်
တာ"

"ဟင် ဟုတ်လား၊ ဘယ်လိုဟာတုံးဗျ"

"ဖိုးသူတော်ကြီးကွ၊ ဟိုနေ့ကတည်းက ကို
သာမောင်တို့ ကိုတောင်လုံးတို့ တွေ့ခဲ့တယ်
ဆိုတဲ့ ဖိုးသူတော်ကြီးပေါ့ကွာ"

"ဟာ ဒီလူတွေက ဖိုးသူတော်ကြီးကို တွေ့
လာတယ် ဟုတ်လား၊ မီးလောင်ကုန်းမှာ ဖြစ်
တဲ့ သတင်းက မနေ့ကတည်းက ကျုပ်တို့ရွာ
မှာ ပျံ့နေတာဗျ။ ရွာထဲကလူတွေ တအားကို
ကြောက်နေကြတာ ကိုကြီးတာတေရ"

"အေးငါလည်း တွေးမိပါတယ်ကွာ၊ ငါဘာမှ
မတတ်နိုင်သေးလို့ပါကွာ၊ ဒီညတော့ ဒီကိစ္စကို 
ငါ ရှင်းမှာပါ"

"ဟာ ဒါဆိုရင် ကိုကြီးတာတေ ဒီည မဖဲဝါပင့်
တော့မှာပေါ့၊ ကျုပ်တို့ ဘာလုပ်ပေးရမှာတုံး
ပြောလေဗျာ"

"မဟုတ်ဘူးကွ ကျောက်ခဲရ၊ ငါ ညကတည်း
က မဖဲဝါရဲ့ တွေ့ပြီးပြီ၊ အကျိုးအကြောင်း
အားလုံးလည်း ငါ့ကို ပြောထားပြီးပြီ"

"ဟာ ဟုတ်လား၊ ကျုပ်တို့ပါ ဝိုင်းလုပ်မယ်ဗျာ"

ကျုပ် ဒီကောင်နှစ်ကောင်ရဲ့ သတ္တိကိုတော့
ယုံပြီးသားပါဗျာ။ ဒီကောင်တွေအကြောင်းကို
ရှေ့က ဝတ္ထုတွေမှာ ကျုပ်ရေးခဲ့ပြီးပြီပဲ။

"တာတေ တာတေ တာတေ နိုးပြီးလားဟေ့"

"ဘယ်သူတုံး၊ ကျုပ် နိုးနေပါပြီဗျ၊ ဝင်ခဲ့လေ"

နှင်းတောထဲက လူတစ်ယောက် အပြေးတစ်
ပိုင်း ထွက်လာတာဗျ။ ဟာ ကိုသာမောင်ကြီး
ပါလား။

"ဟာ ကိုကြီးသာမောင် ဘာဖြစ်လို့တုံး"

"တာတေ ငါ့ညီ သာအောင် ဆုံးသွားပြီကွ"

"ဗျာကိုသာအောင် ဆုံးသွားပြီ ဟုတ်
လား၊ ဘာဖြစ်လို့တုံးဗျ"

"ဘာမှမဖြစ်ဘူးကွ၊ အကောင်းကြီးကနေ 
ခေါက်ကနဲ ဆုံးသွားတာကွ၊ ဟိုဖိုးသူတော်
ကြီး ကြေးစည်သံကြောင့် ဖြစ်မှာပေါ့ကွာ၊
ဟီး၊ ဟီး၊ ဟီး၊ ဟီး"

ကိုသာမောင်က ပြောရင်း ငိုချလိုက်ရောဗျို့၊ 
အမေနဲ့ အဘလည်းကိုသာမောင်ကိုကြည့်ပြီး 
မျက်ရည်လေး တစမ်းစမ်းနဲ့ဖြစ်နေကြတော့
တာပေါ့ဗျာ။

"ကိုသာမောင် ထွက်ကြည့်လိုက်သေးလားဗျ"

"ငါ ကြည့်လိုက်တယ်ကွ တာတေရ၊ ငါမြင်တယ်၊တခြားလူတွေကတော့ မမြင်ဘူးပြောတယ်၊ ဒါပေမဲ့ ငါကတော့ သေသေချာချာ မြင်လိုက်ပါတယ်ကွာ၊ ဟိုနေ့က ငါတို့တွေ့ခဲ့တဲ့ ဖိုးသူတော်ကြီးပါပဲကွာ၊ ငါထင်တယ် တာတေ၊ အဲဒီနေ့က ငါ့ညီသာအောင်က လှည်းပေါ်ကနေ ဆင်းရိုက်မယ်လုပ်လို့ ငါ မနည်းဆွဲထားရတာကွ၊ အဲဒါကြောင့်လာသတ်တာ ထင်တယ်"

ကျုပ်လည်း ဘာမှမပြောတတ်ဘူးပေါ့ဗျာ။
ကျုပ်ရော ကျောက်ခဲတို့ရော ချက်ချင်းထလိုက်
ခဲ့တယ်။ ကျောက်ခဲနဲ့ သံမဏိက လူခွဲပြီး ရွာထဲ
က ကာလသားတွေကို လိုက်ခေါ်ကြဖို့ ထွက်
သွားတယ်ဗျ၊ ကျုပ်ကတော့ ကိုသာမောင်တို့
အိမ်ကို လိုက်ခဲ့ရတာပေါ့ဗျာ။ ကိုသာအောင်နဲ့
ကျုပ်နဲ့က အလွန်ဆုံးကွာမှ ခြောက်နှစ်ပေါ့ဗျာ။
ကိုသာအောင်က သေးသေးညှပ်ညှပ်ကလေး
ဗျ။ ပျားဖွတ်စားတယ်ဆိုပေမယ့် ရပ်ရေးရွာရေး
ဆိုရင် အမြဲတမ်း ဝိုင်းဝန်းတဲ့လူပေါ့ဗျာ။လူချစ်
လူခင်လည်း လွှတ်ပေါတဲ့လူဗျ။ရွာထဲက လက်
သမားတွေ ရောက်လာကြတာပေါ့ဗျာ။ ကာလ
သားတွေက ပျဉ်ပုတ်ဝယ်လာကြတယ်။ လက်
သမားက ခေါင်းစပ်မယ်ပေါ့။

"ကဲ ဦးကြည်သောင်း အတိုင်းကို ကိုသာ
အောင်နဲ့ မယူနဲ့၊ ကျုပ်နဲ့ ယူပါ"

အသုဘအိမ်က လူတွေက ကျုပ်ကို ဝိုင်းကြည့်
တယ်။ ကျုပ်က လမ်းမှာတည်းက ကိုသာမောင်
ကို အကျိုးအကြောင်း ပြောပြီးသားလေဗျာ။

"တာတေ ဒါ နောက်စရာ မဟုတ်ဘူး၊ နမိတ်
မရှိ နမာမရှိတွေ လာမပြောနဲ့ "

လက်သမားဆရာ ဦးကြည်သောင်းက ကျုပ်ကို
ဆူတယ်ဗျ။ ကျုပ်က ကိုသာမောင်ကို ကြည့်
လိုက်တယ်။

"ဦးကြည်သောင်း တာတေပြောတဲ့အတိုင်း
 လုပ်ပေးလိုက်ပါ၊ သာအောင်က ညှပ်တော့ 
သာအောင်နဲ့ အတိုင်းလုပ်ရင် တာတေ ခေါင်း
ထဲဝင်လို့ရမှာ မဟုတ်ဘူးဗျ"

"ဟေ အခုသေတာက သာအောင်လေကွာ၊
တာတေက ဘာကြောင့် ခေါင်းထဲဝင်ရမှာတုံး"

လက်သမားဆရာ ဦးကြည်သောင်းက နား
မလည်တော့ဘူးပေါ့ဗျာ။ ဒီမှာတင် ကိုသာ
မောင်ကဦးကြည်သောင်းကို လက်ကုတ်ပြီး
 အိမ်ဘေးက သရက်ပင်ကြီးအောက်ကို ခေါ်
သွားပြီး တိုးတိုးတိုးတိုးနဲ့ အကျိုးအကြောင်း
ပြောပြတယ်။ဦးကြည်သောင်းက ခေါင်းတ
ညိတ်ညိတ်နဲ့ နားထောင်တယ်ဗျ။

ခုမှ ဦးကြည်သောင်းက သဘောပေါက်သွား
ပြီး ကျုပ်ကို ရေဘော်တိုက်တဲ့ ခုံပေါ်မှာ လှဲ
အိပ်ခိုင်းတယ်။ ပြီးတော့ ကျုပ်ကို ကိုယ်တိုင်း
ယူတာပေါ့ဗျာ။ခေါင်းစပ်လို့ ပြီးတော့ ဦးကြည်
သောင်းက ကျုပ်ကို ခေါင်းထဲ ဝင်အိပ်ခိုင်း
တယ်။ ကျုပ်ကလည်း ဝင်အိပ်တယ်။ အသု
ဘလာတဲ့ လူတွေကတော့ မျက်နှာတွေပျက်
ပြီး ကျုပ်ကို ကြည့်နေတယ်။

"တာတေကတော့ကွာ လောကမှာ တစ်တေ
တည်းရှိတဲ့ကောင်ပဲ"

လို့ ပြောကြတယ်။ မတတ်နိုင်ဘူးလေဗျာ။
ကျုပ်ကလည်း ဒါမျိုးတွေ လုပ်ရရင် လွှတ်
စိတ်ဝင်စားတဲ့ကောင်ဗျ။ခေါင်းအဖုံးမှာ လွန်
နဲ့ အပေါက်တွေ ဖောက်ခိုင်းရတယ်။ ဒါမှ
ကျုပ် အသက်ရှူလို့ ရမှာပေါ့ဗျ။ အလောင်း
စင် ပြင်တယ်။ အလောင်းစင်ပေါ်မှာ ခေါင်း
လည်းတင်တယ်။ ဒါပေမဲ့ ခေါင်းထဲမှာတော့
ဘာမှ မရှိဘူးဗျ။ ကိုသာအောင်အလောင်း
က အိမ်ထဲမှာပဲ။

မိုးချုပ်တော့ အသုဘကို ထမင်းကျွေးတဲ့
အတိုင်း အလောင်းစင်ဘေးမှာ ပြင်ထား
တယ်။ခေါင်းရင်းမှာ မီးအိမ်တစ်လုံးလည်း 
ထွန်းလို့ဗျ။ညသန်းခေါင်လောက်ရောက်
တော့ ကျုပ်ကမျက်ကွင်းဆေးကွင်းတယ်။
သစ်စုန်းဆေးတော်ကို သွေးပြီး နားနှစ်ဖက်
မှာ လိမ်းတယ်။ ဒါမှကြေးစည်သံကြားရင် 
ကျုပ် အိပ်မပျော်မှာလေဗျာ။ ကျောက်ခဲနဲ့
သံမဏိကိုလည်း နားနှစ်ဖက်စလုံးမှာ သစ်
စုန်းဆေးတော်သွေးပြီး လိမ်းပေးတယ်။ ဒီ
ကောင်တွေ အိပ်လို့မပျော်မှ အိပ်သွားတဲ့
လူတွေ နှိုးပြီး ကျုပ်နောက်ကို လိုက်နိုင်
မှာလေဗျာ။

"နောင် ဝေ ဝေ ဝေ"

ဟာ ကြေးစည်သံကြီး စပြီးကြားရပြီဗျို့။
ကျုပ်က အလောင်းစင်ပေါ်တက်ပြီး ခေါင်း
ထဲ ဝင်အိပ်လိုက်တယ်။ ကျုပ်လက်ထဲမှာ
လည်း မဖဲဝါမှာတဲ့အတိုင်း ခြေမန်းကွင်းကို
အဆင်သင့် ကိုင်ထားတယ်။ ခြေမန်းကွင်း
ဆိုပေမယ့် ခေါင်းကို စွပ်လို့ရအောင် ခပ်ကြီး
ကြီးလုပ်ထားတာဗျ။ ကျောက်ခဲနဲ့ သံမဏိ
က ခေါင်းအဖုံးကို သေသေချာချာ သံရိုက်
ပြီး ဖုံးလိုက်တယ်။ ပြီးတော့ ဒီကောင်တွေ
အိမ်ပေါ်ပြေးတက်ကြမှာပေါ့ဗျာ။

အိမ်ပေါ်မှာကတော့ အောက်လင်းဓါတ်မီး
ကြီးထွန်းပြီး ဖဲချနေကြတဲ့ ဝိုင်းသုံးဝိုင်းဗျ။
ရွာထဲက ကာလသားတွေ အကုန်ရောက်
နေတာဗျ။ အားလုံးကို ကျုပ်ခေါ်ထားတာ
လေဗျာ။

"နောင် ဝေ ဝေ ဝေ"

"နောင် ဝေ  ဝေ ဝေ"

ဟော ဝိုင်းရှေ့မှရပ်ပြီး ကြေးစည်ထုနေတာ
ဗျ။ ကြေးစည်သံက တဖြည်းဖြည်း ဝေးသွား
ပြီး ရွာထဲကို လှည့်ပတ်ပြီး ထုနေပြန်ပြီဗျို့။
တစ်ရွာလုံး အိပ်ပျော်အောင် လုပ်တဲ့သဘော
ပဲဗျ။ ကျုပ်ကတော့ ခေါင်းထဲရောက်နေတော့
အပြင်ကို မမြင်ရဘူးလေဗျာ။ ခုလောက်ရှိရင်
ဖဲချနေတဲ့ ကျုပ်ကောင်တွေလည်း အိပ်ပျော်
ကုန်ရောပေါ့ဗျာ။ 

"နောင် ဝေ  ဝေ ဝေ"

ဟော ကြေးစည်သံက ပြန်ပြီး နီးလာပြီဗျို့။
ဟော ဝိုင်းထဲဝင်လာပြီဗျ။ ဟော ဟော ခေါင်း
ကို လာပြီး လှုပ်ကြည့်နေတယ်။ ဟော မ,ပြီ
ဗျို့။ မ,ပြီ။ ဟာ ခေါင်းကို မ,ပြီး ပခုံးပေါ်မှာ
ထမ်းလိုက်ပြီဗျ။ ဟာ ပြေးပြီဗျို့။ ပြေးပြီ။

တရကြမ်းကို ပြေးတာဗျို့။ ကျုပ်စိတ်ထင်
ရွာပြင်ရောက်လာပြီထင်တယ်။ ကျုပ်ကတော့
ခေါင်းထဲမှာ မြင်းရိုင်းကြီး စီးနေရသလိုပါပဲဗျာ။

ခေါင်းဘေးနံရံနှစ်ဖက်ကို ကျုပ် တံတောင်
နှစ်ဖက်နဲ့ ထောက်ထားရတာဗျို့၊ကျုပ်ခေါင်း
ကိုလည်း တောင့်ထားရတယ်။ ကျုပ်လက်ထဲ
မှာတော့ ခြေမန်းကွင်းကို အဆင်သင့် ကိုင်
ထားရတယ်ဗျို့။

"ဒုန်း"

တော်တော်ဝေးဝေးကိုရောက်မှ ခေါင်းကိုပစ်
ချလိုက်တာဗျို့။ ကျုပ်လည်း ခေါင်းထဲမှာ ကြွ
တက်သွားပြီး ခေါင်းဖုံးနဲ့ နဖူးနဲ့တောင် ဆောင့်
မိသွားတာဗျို့။

"ဟီး ဟီး ဟီး ဟီး"

ရက္ခိုကြီး ရယ်နေပြီဗျ။ စားရသောက်ရတော့
မယ်ဆိုပြီး ဝမ်းသာအားရ ဖြစ်နေရတာနေမှာ
ပေါ့ဗျာ။ ကျုပ်ဆိုတာ ကြက်သီးတွေ ဖြန်းက
နဲ ဖြန်းကနဲ ထနေတော့တာဗျို့။ ဆံပင်တွေ
တောင် ထောင်ထနေတယ်လို့ ကျုပ်စိတ်ထဲ
မှာ ထင်နေတာဗျ။ကျုပ်ရင်တွေဆိုတာလည်း
ခုန်လိုက်တာဗျာ။ ဒုန်းဒုန်းနဲ့ ခုန်နေတဲ့ ကျုပ်
နှလုံးခုန်သံကို ရက္ခိုကြီးကြားသွားမှာတောင်
စိုးရိမ်နေမိတယ်ဗျို့။ လက်နှစ်ဖက်နဲ့ သေ
သေချာချာ ကိုင်ထားတာကတော့ ကျုပ်ဆ
ရာကြီး ဒေါက်တာဦးမင်းအောင်ကိုယ်တိုင်
စီရင်ထားတဲ့ ခြေမန်းကွင်းဗျ။ မဖဲဝါပြော
တာ ဒီခြေမန်းကွင်းကို ပြောတာလေဗျာ။

"ဂျွတ် ဂျွတ်"

ဟာ ခေါင်းအဖုံးကို ဆွဲဖွင့်နေပြီဗျို့။ ဘုရား၊
ဘုရား၊ ကျုပ်က ခြေမန်းကွင်း စွပ်လို့မရရင်
ဘယ်လိုလုပ်မတုံး။မဖဲဝါရော အချိန်မီရောက်
ပါ့မလား။ မဖဲဝါသာ အချိန်မီ ရောက်မလာရင်
တော့ ကျုပ်ကို ရက္ခိုကြီး စားမှာ သေချာတယ်
ဗျို့။ ကျုပ်စိတ်ထဲက ကြောက်စိတ်တွေကို
ချက်ချင်းဖယ်ပစ်လိုက်တယ်။

"ဂျွတ် ဂျွတ်"

ခေါင်းဖုံးကြီးက သံရိုက်ထားတာဆိုတော့ 
သူမနည်းကို ဆွဲလှန်နေရတာပေါ့ဗျာ။ ကျုပ်
စိတ်ထဲက ဆရာကြီးဦးမင်းအောင်နဲ့  ဆရာ
နွံဖတို့ကို ရည်မှန်းပြီး ရှိခိုးလိုက်တယ်။ ဟော 
ပွင့်သွားပြီဗျို့။ ခေါင်းဖုံးကြီး ပွင့်သွားပြီ။ ဟာ
အစွယ်ကြီးတွေမှ ဖွေးနေတာပဲဗျာ။ ဟော
ဟော ပါးစပ်ကြီးဟပြီး ခေါင်းထဲမှာ ဆန့်ဆန့်
ကြီးလုပ်ထားတဲ့ ကျုပ်အပေါ်ကို ရက္ခိုရဲ့
ခေါင်းပြောင်ပြောင်ကြီးက ငုံ့လာတယ်ဗျ။

"ကဲ သေပေတော့ အလောင်းစားကောင်
ကြီးရေ"

လို့ ကျုပ်စိတ်ထဲက အော်ပြောလိုက်ပြီး ခြေ
မန်းကွင်းနဲ့ ရက္ခိုရဲ့ခေါင်းကို စွပ်ချလိုက်တယ်။

"အား"

ရက္ခိုကြီးရဲ့ လည်ပင်းမှာ ခြေမန်းကွင်း မိမိရရ
ကို စွပ်သွားတာဗျို့။ ဆရာကြီး ဦးမင်းအောင်
ရဲ့ ခြေမန်းကွင်းက စွမ်းလိုက်တာဗျာ။ ရက္ခိုကြီး 
အားကနဲ အော်ပြီး နောက်ကို လှန်ထွက် သွား
တာဗျို့။ ကျုပ်လည်း ခေါင်းထဲကနေ ချက်ချင်း
ခုန်ထွက်လိုက်တယ်။

"ဟီး ဟီး ဟီး ဟီး ဟီး"

ဟာ မဖဲဝါ  ရောက်နေမှကိုး၊ အောင်မယ်လေး
တော်ပါသေးရဲ့ဗျာ။

"အား အား  အား"

ရက္ခိုကြီးက တော်တော်ကို ပူလောင်နေသလိုပုံစံဗျ

"ဖြုတ်ပေးပါ၊ ဖြုတ်ပေးပါ၊ ကျုပ်ကြောက်ပါပြီ"

ဟာ ရက္ခိုကြီး ကော့ပြန်ပြီးအော်နေတော့တာ
ဗျို့။ အရပ်ဆယ်ပေကျော်ကျော်လောက်မြင့်
တဲ့ မဖဲဝါကြီးက လေထဲကို လှစ်ကနဲ မြောက်
တက်သွားပြီး ပြန်အကျမှာ ရက္ခိုရဲ့ ကျောကုန်း
ကို သူ့ရဲ့လက်ဝါးကြီးနဲ့ တအားရိုက်ချလိုက်
ရောဗျာ။

"ဘုန်း"   "အား"

တစ်ချက်တည်းပဲ ရိုက်တာဗျ။ ဒါပေမဲ့ မဖဲဝါ
အခုလို လေထဲကို မြောက်တက်သွားပြီးမှ
ရိုက်တာမျိုး ကျုပ် တစ်ခါမှ မတွေ့ဖူးဘူးဗျ။

ရက္ခိုကြီး အားကနဲ အော်လိုက်တဲ့အသံကြီးဟာ
တော်တော်ကို ကြောက်စရာကောင်းတာဗျာ။
အနီးအနားမှာ ရှိသမျှ ရွာတွေအားလုံးက ကြား
လောက်တယ်ဗျို့။ ဒီတော့မှ ကျုပ် သတိထား
မိတယ်။ ရက္ခိုကြီး ကျုပ်ကို ထမ်းပြေးလာပြီး
 ပစ်ချလိုက်တာ ကျုပ်တို့ရွာမြောက်ဘက်က
'ပဒတ်လျှို' ထဲမှာဗျ။

"ရက္ခိုကောင် နင် ဒီနေ့က စပြီး တောထဲမှာပဲ
နေရမယ်၊ တိရစ္ဆာန်အသားပဲ စားရမယ်၊ လူ့
ရပ် လူရွာထဲကို ဘယ်တော့မှ မဝင်ရဘူး၊ ဒါ
ဟာ နတ်မင်းကြီးရဲ့ အမိန့် "

မဖဲဝါပြောတဲ့ စကားတွေကို ကြားရတာက
ကျုပ် စလွယ်သိုင်း လွယ်ထားတဲ့ ကတ္တီပါ
ရှုံ့အိတ်ကလေးထဲက မဖဲဝါရဲ့ကိုယ်ခွဲရုပ်
ကလေးကြောင့်ပေါ့ဗျာ။ 

မဖဲဝါ ရိုက်ချလိုက်လို့ ဒူးထောက်လျက်ကြီး
ကျသွားတဲ့ ရက္ခိုကြီးက မဖဲဝါကို မော့မကြည့်
ဘဲ ခေါင်းကြီး ညိတ်ပြတယ်။ 

မဖဲဝါက ကျုပ်ကို လှမ်းကြည့်ပြီး ခြေမန်းကွင်း 
ချွတ်ပေးဖို့ လက်နဲ့ လုပ်ပြတယ်။ 

ကျုပ်က ကျုပ်ကို စားတော့မလို လုပ်ထားတဲ့ 
ရက္ခိုကြီးရဲ့ လည်ပင်းက ခြေမန်းကွင်းကြီးကို
 ပြန်ဖြုတ်ယူလိုက်တယ်။

ဟော ရက္ခိုကြီး ပျောက်သွားပြီဗျ။ သွားပြီပေါ့
ဗျာ။ ဒီနယ်ဘက်ကိုတော့ သူ ဘယ်တော့မှ 
လာမှာမဟုတ်တော့ပါဘူး။ ဟော မဖဲဝါလည်း
ပျောက်သွားပြီဗျို့။

"တာတေရေ တာတေ ငါတို့လာပြီဟေ့"

ကျုပ်တို့ ရွာကကောင်တွေ လိုက်လာတာဗျ။
ဓါတ်မီးတွေ တဝင်းဝင်းထိုးလို့ဗျို့။

"ကိုကြီးတာတေ၊ ဘယ်မှာတုံး"

ကျောက်ခဲအသံဗျ။ ကျုပ်က လျှိုနှုတ်ခမ်းပေါ်
ကို ပြေးတက်ပြီး ပြန်အော်လိုက်ရတယ်။

"ကျောက်ခဲ ငါ ဒီမှာဟေ့"

ဒီကောင်တွေ ရောက်လာတော့ ကိုသာအောင်
ကို သင်္ဂြိုဟ်မယ့်ခေါင်းကို ပြန်သယ်လာရတာ
ပေါ့ဗျာ။ ကိုသာအောင်ရဲ့အသုဘကိစ္စလည်း
အေးအေးဆေးဆေး ပြီးသွားပါတယ်။

ရွာထဲမှာတော့ ဒီအကြောင်းကို တော်တော်နဲ့ကို
ပြောလို့ မပြီးတော့ဘူးပေါ့ဗျာ။

           ပြီးပါပြီ

ဆရာတာတေ

#တာတေ
#မဖဲဝါ

Comments

Popular posts from this blog

တပွဲစား သရဲ(အစ/အဆုံး)

ခွေးနက်ကြီးရဲ့အူသံ (စ/ဆုံး)

ဝိဉာဥ်စုတ်တဲ့နတ် (စ/ဆုံး)